2017-18 ပရီးမီးယားလိဂ်ရဲ့ ဟီးရိုးများ

မောင်ဖိုးကွန့် မောင်ဖိုးကွန့်

ပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုကတော့ အဆုံးသတ်သွားခဲ့ပြန်ပါပြီ။ ဘောလုံးရာသီတစ်ခုဆိုတဲ့ အချိန်ကာလအတွင်းမှာ အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့ပြီး အားပေးခဲ့တဲ့ပရိသတ်တွေအတွက် ပျော်ရွှင်စရာ၊ ကြေကွဲစရာ၊ အားတက်စရာ၊ စိတ်ဓာတ်ကျစရာတွေ အများကြီးရှိခဲ့မှာပါ။

လက်တစ်ခုမှာရှိတဲ့ လက်ချောင်းတွေတောင် အတိုအရှည်မညီတာကြောင့် လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခံစားချက်တွေ အမြင်တွေ မတူညီနိုင်တာဟာ အဆန်းတော့မဟုတ်ပါဘူး။ ဒါကြောင့် 2017-18 ပရီးမီးယားလိဂ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ မတူညီတဲ့ပရိသတ်တွေအပေါ်သက်ရောက်မှုကလည်း ထပ်တူမကျနိုင်ပါဘူး။

အခုဆောင်းပါးမှာ 2017-18 ပရီးမီးယားလိဂ်မှာအကောင်းဆုံး စွမ်းဆောင်မှုပြနိုင်ခဲ့သူတွေကို ရွေးချယ်ဖော်ပြသွားမှာဖြစ်ပြီး ဒီရွေးချယ်မှုဟာ စာရေးသူရဲ့ ရှုထောင့်က ရွေးချယ်ထားတာ သက်သက်ဖြစ်ပါတယ်။ မတူညီဘဲကွဲပြားတဲ့အမြင်တွေလည်းရှိနေနိုင်တာကြောင့် အမြင်မတူညီတဲ့ စာဖတ်သူတို့အနေနဲ့လည်း မတူညီတဲ့အမြင်ကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပါတယ် ဆိုတဲ့အကြောင်း အရင်ဆုံးဖော်ပြချင်ပါတယ်။

 

ပက်ပ်ဂွါဒီယိုလာ (မန်စီးတီးနည်းပြ)
*************************
ချန်ပီယံအသင်းရဲ့ မန်နေဂျာဖြစ်လို့ အကောင်းဆုံးနည်းပြဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် တို့မှာ အောင်ပွဲတွေအလီလီ ခံနိုင်ခဲ့ပေမယ့် မနှစ်ကပရီးမီးယားလိဂ်ကို ရောက်လာတဲ့အချိန်မှာ မန်စီးတီးကို ဖလားလက်မဲ့ရာသီနဲ့ ကြုံစေခဲ့တာကြောင့် လှောင်ရယ်သံတွေကို အပြင်း အထန်ခံခဲ့ရသူပါ။ အင်္ဂလန်နိုင်ငံလို မီဒီယာတွေ ကြီးစိုးတဲ့ ဘောလုံးလောကမှာ “အရင်ကအောင်မြင်မှုတွေက ကစားသမားကောင်းတွေကြောင့် မဟုတ်လား” ဆိုတဲ့မေးခွန်းမျိုးနဲ့ လှောင်ပြောင်မှုတွေကိုခေါင်းငုံ့ခံခဲ့ရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ မန်စီးတီးအသင်းကို စံချိန်တင်ရမှတ်၊ စံချိန်တင်သွင်းဂိုးတွေနဲ့ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး သူ့အစွမ်းအစကို မှတ်ကျောက်အတင်ခံခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာ ခံစစ်ကစားသမားတွေအများစုကို ၀ယ်ယူခဲ့ပေမယ့် အဓိက အပြောင်းအလဲလုပ်ခဲ့တာ ညာခြမ်းခံစစ်(ကိုင်လီဝေါ်လ်ကာ)နဲ့ ဂိုးသမား (အီဒါဆင်) နှစ်နေရာဘဲရှိခဲ့ပါ တယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်တုန်းက ရလဒ်ဆိုးခဲ့ပေမယ့် သူ့အသင်းမှာ ကြီးကြီးမားမားပြင်ဆင်စရာမရှိခဲ့ဘူးဆိုတာ သက်သေပြခဲ့ပြီး သူ့ကို လှောင်ပြောင်ခဲ့တဲ့သူတွေကို အလုပ်နဲ့သက်သေပြသွားခဲ့တာဖြစ်ပါတယ်။

မိုဟာမက်ဆာလက်စ် (လီဗာပူးလ်တိုက်စစ်မှူး)
*********************************
လီဗာပူးလ်အသင်းဟာ ယာဂန်ကလော့ပ်လက်ထက်မှာတိုးတက်မှုရှိလာခဲ့တာမှန်ပေမယ့် ချန်ပီယံဖြစ်ဖို့ မလုံလောက်သေးဘူးလို့ ကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ကြသလို ရာသီအစက ဆာလက်စ်ကို ခေါ်ယူခဲ့တာဟာ ထူးထူးခြားခြား တိုးတက်လာမယ့်အပြောင်းအလဲတစ်ခုလို့ မမျှော်လင့်ခဲ့ကြရိုးအမှန်ပါ။ ဒါ့အပြင် အဓိက ကစားသမား ကော်တင်ဟိုကို ရောင်းထုတ်ခဲ့ရတဲ့အချိန်မှာ အသင်းရဲ့ ပုံစံဟာ တိုးတက်လာမယ်လို့ မထင်မှတ်ခဲ့ ကြပါဘူး။
ဆာလက်စ်ဟာ ရာသီအစပိုင်းမှာ ပုံမှန်ထက်နည်းနည်းသာလွန်တဲ့ပုံစံနဲ့ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လီဗာပူးလ်အတွက် အများကြီးမထူးခြားနိုင်ဘူးလို့လည်း ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးရာသီ ဒုတိယပိုင်း ရောက်တဲ့အချိန်မှာတော့ ဆာလက်စ်ဟာ လီဗာပူးလ်အတွက် စူပါမန်း ဖြစ်လာခဲ့ပြီး သွင်းဂိုး (၃၂)ဂိုးနဲ့ ရွှေဖိနပ် ဆုကို ရယူခဲ့တဲ့အပြင် ဘောလုံးရာသီတစ်ခုအတွင်း အသင်း(၁၇) သင်းကို ဂိုးသွင်းနိုင်တဲ့ စံချိန်ကိုလည်း ရယူ ပြပြီး သူ့ခြေစွမ်းကို မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်ရတဲ့အထိ လုပ်ပြနိုင်ခဲ့ပါတယ်။ သူသွင်းယူခဲ့တဲ့ (၃၂)ဂိုး ဆိုတဲ့ အရေအတွက်ဟာလည်း ပရီးမီးယားလိဂ်မှာ အသင်း(၂၀)နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အချိန်အတွင်း အများဆုံးသွင်း ဂိုးဆိုတဲ့စံချိန်ကို ရသွားခဲ့ပါတယ်။ လီဗာပူးလ်အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရဖို့ရှိနေသေးပေမယ့် အဲဒီပွဲမှာ ဘယ်လိုရလဒ်မျိုးနဲ့ပဲကြုံရသည်ဖြစ်ပါစေ ဆာလက်စ်ဟာ ဒီနှစ်တော့ လီဗာပူးလ်အတွက် သူရဲကောင်း တစ်ယောက်အဖြစ် ရှိနေမှာသေချာပါတယ်။

ဒါရင်းမိုးရ် (၀က်စ်ဘရွန်း ယာယီနည်းပြ)
*****************************
ပြီးခဲ့တဲ့ အပတ်က သူ့အတွက် ဆောင်းပါးတစ်ပုဒ်ရေးခဲ့တဲ့အတွက် အများကြီးပြောစရာမလိုတော့ ဘူးထင်ပါတယ်။ 2017-18 ပရီးမီးယားလိဂ်မှာ အသင်းအတွက်အရေးပါတဲ့စွမ်းဆောင်မှု အများကြီးတွေ ပြနိုင်ခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း၊ မန်ယူဂိုးသမား ဒီဂီယာ၊ ဘန်လေအသင်းနည်းပြ ရှောင်ဒိုက်ခ်ျ စတဲ့ ဟီးရိုးတွေအများကြီးရှိပေမယ့် ဒါရင်းမိုးရ်ကို ရွေးချယ်ဖော်ပြခဲ့တာဟာ သူ့ရဲ့ ပေးဆပ်မှုနဲ့ စွမ်းဆောင်မှုကို လေးစားတဲ့သဘောဖြစ်ပါတယ်။ ဒါရင်းမိုးရ်လက်ထဲမရောက်ခင်မှာ ၀က်စ်ဘရွန်းအသင်းအနေနဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ လွတ်လမ်းမရှိဘဲ မျှော်လင့်ချက်မဲ့နေတဲ့အချိန်ဖြစ်ပြီး ရာသီကုန်ဖို့ (၇)ပွဲလောက်ပဲ ကျန်တော့တဲ့အနေအထားပါ။ ဒါပေမယ့် သူဟာ ဖယိုဖရဲဖြစ်နေတဲ့အသင်းကို ပြန်လည်စုစည်းပြီး (၅)ပွဲမှာ (၁၁)မှတ်အထိ ရအောင် စွမ်းဆောင် ပြနိုင်ခဲ့တာကြောင့် ၀က်စ်ဘရွန်းအသင်းရဲ့အခြေအနေဟာ တန်းဆင်းဇုန်ကလွတ်ဖို့ မျှော်လင့်ချက်ရှိ လာခဲ့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ရာသီကုန်ချိန်မှာ ၀က်စ်ဘရွန်းအသင်းတန်းဆင်းသွားခဲ့ပေမယ့် သူရှိနေတဲ့အခိုက်အတန့်မှာ မျှော်လင့်ချက်မဲ့နေတဲ့ ပရိသတ်တွေကို ခဏလေးပဲဖြစ်ဖြစ် အလင်းရောင်တွေ ထွန်းလင်းပြနိုင်ခဲ့တာကြောင့် (၇)ပွဲပဲ အစွမ်းပြခွင့်ရပေမယ့် သူ့ကို ဒီနှစ်ဘောလုံးရာသီမှာ ဟီးရိုးတစ်ယောက် အဖြစ်နဲ့ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
ဆောင်းပါးရဲ့အစပိုင်းမှာဖော်ပြခဲ့သလိုပါပဲ။ အခုရွေးချယ်ခဲ့တဲ့ (၃)ယောက်ဟာ စာရေးသူရဲ့ ရွေးချယ်မှု သက်သက်ပဲဖြစ်ပြီး မတူညီတဲ့အမြင်တွေရှိရင်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါတယ်။ နောက်တစ်ရက်မှာ ၂၀၁၇-၁၈ ပရီးမီးယားလိဂ်ရဲ့ ဗီလိန်တွေ ဒါမှမဟုတ် ဇီးရိုး တွေအကြောင်းကိုလည်း ထပ်မံဖော်ပြသွားမှာ ဖြစ်တယ် ဆိုတဲ့အကြောင်း . . . .

မောင်ဖိုးကွန့်
14-5-2018

Comments