ရာသီသိမ်းနိုင်ပွဲနဲ့စံချိန်တင်ရမှတ်(၁၀၀)ရယူနိုင်ခဲ့တဲ့ချန်ပီယံမန်ချက်စတာစီးတီးအသင်း

Thet Htet Lin Thet Htet Lin

ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ ရာသီသိမ်းပွဲစဉ်မှာ ဆောက်သင်မ်တန်အသင်းကို အနိုင်ရရှိခဲ့ပြီး ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ထူးထူးခြားခြား ရမှတ် (၁၀၀) ပြည့်မြောက်အောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။

ပွဲအစ (၇)မိနစ်မှာပဲ ဆောက်သင်မ်တန်အသင်းက အခွင့်အရေးတစ်ကြိမ်ရခဲ့ပါတယ်။ ဒူဆန်တာဒစ် ရဲ့ ထောင့်ကန်ဘောကို ဝက်စ်လေဟို့ဒ် ခေါင်းတိုက်သွင်းယူခဲ့ပေမယ့် ဂိုးသမားပုတ်ထုတ်ကာ ပြန်ထွက်လာခဲ့ ပြီး နောက်ခံလူတွေ အချိန်မီရှင်းထုတ်နိုင်ခဲ့ပါတယ်။

ပွဲကစားချိန် (၂၅)မိနစ်မှာလည်း အလွတ်တည်ကန်ဘောမှတစ်ဆင့် ပြန်ကျလာတဲ့ဘောလုံးကို ဝက်စ်လေဟို့ဒ် နောက်တစ်ကြိမ်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးဘေးမှကပ်ပြီး လွဲချော်သွားခဲ့ပြန်ပါတယ်။

ပွဲကစားချိန် (၆၁)မိနစ်မှာ ကယ်ဗင်ဒီဘရိုင်းရဲ့ ပေးပို့မှုမှတစ်ဆင့် စတာလင် ကန်သွင်းခွင့်တစ်ကြိမ်ရခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

ပွဲကစားချိန် (၇၈)မိနစ်မှာ ဆောက်သင်မ်တန်အသင်းဟာ ဂိုးရဖို့နီးစပ်ခဲ့ပြီး နောက်ဆုံးအခြေအနေမှာ ဖာနန်ဒင်ဟိုက ဂိုးစည်းပေါ်မှ အချိန်မီဖျက်ထုတ်နိုင်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

ပွဲချိန်မိနစ် (၉၀)အပြီး အချိန်ပို နောက်ဆုံးမိနစ်မှာတော့ မန်ချက်စတာစီးတီးအသင်းက ဂိုးရယူနိုင်ခဲ့ပါတယ်။

ဒီဘရိုင်းရဲ့ ဖန်တီးမှုမှတစ်ဆင့် ဂျီဆပ်က ပင်နယ်တီစည်းထဲအရောက် ဂိုးသမားကို ကျော်သွင်းကာ မန်ချက်စတာစီးတီးအသင်းအတွက် ရမှတ် (၁၀၀) ဖြစ်စေမယ့် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်မှာ မန်ချက်စတာစီးတီးအသင်းက ဆောက်သင်မ်တန်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီနေ့နိုင်ပွဲနဲ့အတူ မန်ချက်စတာစီးတီးအသင်းဟာလည်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ရမှတ် (၁၀၀)ရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။

Comments