ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး အာဖရိက ကစားသမား ၅ ဦး

Yan Yan Yan Yan

ပရီမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပုံရိပ်တွေနဲ့ သွင်းဂိုးဆာလောင်မှုတွေက ထိပ်တန်းကစားသမားတွေ ပရီးမီးယားလိဂ်ကို လာရောက်ဖို့အဓိက ဆွဲဆောင်နေတဲ့ အရာတွေလို့ ဆိုရမှာပါ။

ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ်မှာလည်း လက်ရှိအချိန်ထိ ပရိသတ်ကြည့်ရှုမှုနှုန်း မြင့်တက်နေခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခြေစွမ်းပြသခဲ့တဲ့ အာဖရိက ကစားသမားတွေရဲ့ ပါဝင်ပတ်သက်မှုကိုလည်း မေ့ထားလို့မရပါဘူး။ဒါ့ကြောင့် ထိပ်တန်းအသင်းကြီးတွေမှာ ကစားခွင့်ရရှိခဲ့တဲ့အာဖရိက ကစားသမားတွေရဲ့ သွင်းဂိုးတွေကလည်း တခြားလိဂ်ပြိုင်ပွဲတွေမှာ ကစားနေခဲ့တဲ့ အာဖရိက ကစားသမားတွေရဲ့ သွင်းဂိုးတွေထက် များစွာသာလွန်နေပါတယ်။

လက်ရှိအချိန်မှာလည်း မာနေး ၊ ဆာလက် ၊ မာရက်ဇ် နဲ့ အူဘာမီယန်းတို့လို ထိပ်တန်းတိုက်စစ်ကစားသမားတွေ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသနေသလို ယခုနှစ် ပရီမီးယားလိဂ် သွင်းဂိုးအများဆုံး ကစားသမား စာရင်းကို ဦးဆောင်နေခဲ့တဲ့ သူကလည်း အာဖရိက ကစားသမား ဆာလက် ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် အာဖရိက ကစားသမားတွေထဲမှာ ဘယ်သူတွေက ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး အာဖရိက ကစားသမား ဖြစ်မယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

၅ – ကနူး (၅၄ ဂိုး)

အာဆင်နယ် ၊ ပို့စ်မောက်နဲ့ ၀က်စ်ဘရွန်းအသင်းတွေမှာ ကစားခဲ့တဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ကနူးကတော့ ပရီးမီးယားလိဂ်မှာ ဆယ်ဆုနှစ် တစ်ခုကျော်ကြာ ကျင်လည်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ကစားသမားဘ၀ကို နိုင်ဂျီးရီးယားကလပ် Iwuanyanwu Nationale အသင်းမှာ စတင်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ အေဂျက်အသင်းကို ကနူးပြောင်းရွှေ့ခဲ့ပါတယ်။အေဂျက်အသင်းမှာ တစ်ရာသီ ခြေစွမ်းပြသခဲ့ပြီး နောက်နှစ်မှာတော့ အင်တာမီလန်အသင်းက ခေါ်ယူခဲ့ပြီး ၁၉၉၆ နဲ့ ၉၉ ခုနှစ်တွေမှာ အာဖရိက အကောင်းဆုံး ကစားသမားဆုကို ကနူးရယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ အာဆင်နယ်အသင်းကို ကနူးပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့အတူ ၆ နှစ်ကြာပွဲထွက်ခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် နဲ့ FA ဖလား ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ၀က်စ်ဘရွန်းအသင်းမှာ ၂ ရာသီကြာသွားရောက်ကစားခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ ပို့စ်မောက်အသင်းကို ရောက်ရှိခဲ့ပါတယ်။ ပို့စ်မောက်အသင်းနဲ့အတူ ၆ နှစ်ကြာဖြတ်သန်းပြီးချိန်မှာတော့ ကစားသမားဘ၀ကနေ အနားယူခဲ့ပါတယ်။ပို့စ်မောက်အသင်းမှာ ကစားနေခဲ့တဲ့ အချိန်တွင်းမှာ ၂၀၀၈ FA ဖလားကို ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အာဖရိက ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကျင်လည်ခဲ့တဲ့ ကနူးကတော့ ပရီးမီးယားလိဂ် သွင်းဂိုး ၅၄ ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး အာဖရိက ကစားသမား စာရင်းရဲ့ အဆင့် ၅ နေရာမှာ ရှိနေခဲ့ပါတယ်။

၎ – ယာယာတိုရေး (၅၉ဂိုး)

ဒီရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့ပေမယ့်ယာယာတိုရေးလို့ ဆိုလိုက်တာနဲ့ မန်စီးတီးအသင်းရဲ့ ဂန္တ၀င်တစ်ဦးလို့ ဆိုနိုင်သလို ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲကတစ်ဦးလို့ ပြောကြမှာပါ။ဘာစီလိုနာအသင်းကနေ မန်စီးတီးအသင်းကို ၂၀၁၀ ခုနှစ်မှာ စတင်ရောက်ရှိခဲ့တဲ့ ယာယာတိုရေးကတော့ ပရီးမီးယားလိဂ် ၂ ကြိမ် နဲ့ FA ဖလား ၂ ကြိမ်ရယူထားနိုင်ခဲ့ပြီး ပွဲထွက်ခဲ့တဲ့ ပွဲပေါင်း ၂၀၀ ကျော်မှာမန်စီးတီးအသင်းကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့သူတစ်ဦးပါ။

ပရီးမီးယားလိဂ်ကိုရောက်ရှိခဲ့ပြီးချိန်မှ အခုအချိန်ထိ ၇ နှစ်ကျော်အတွင်းမှာ သွင်းဂိုး ၅၉ ဂိုးသွင်းယူထားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး Box to Box ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။နိုင်ငံအသင်းနဲ့ ကလပ်အသင်းတွေမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ပရိသတ်အချစ်တော်ဖြစ်တဲ့ ယာယာတိုရေးဟာ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး အာဖရိက ကစားသမားသမားစာရင်းမှာ အဆင့် ၄ နေရာမှာရပ်တည်နေသူပါ။

ကစားသမား ဘ၀ကို ဘယ်လ်ဂျီယံကလပ် ဗီဘီယန်အသင်းမှာ စတင်ခဲ့ပြီး ၂၀၀၇ ဘာစီလိုနာအသင်းကို မပြောင်းရွှေ့ခင်မှာ မီတဲလက်ဒိုးနက် ၊ မိုနာကို နဲ့ အိုလံပီယာကို့စ်အသင်းတွေမှာ ကစားသမားဘ၀ကို တိုရေးဖြတ်သန်းခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ ၃ ရာသီကြာ ကစားခဲ့ပြီးချိန်မှာတော့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် တိုရေးရပ်တည်ထားနိုင်ခဲ့ပါပြီ။

၃ – ယာကူဘူ (၉၅ဂိုး)

ပို့စ်မောက်အသင်းကို ပရီးမီးယားလိဂ် ရောက်ရှိစေဖို့ စွမ်းဆောင်ပေးနိုင်ခဲ့အပြီးမှာတော့ ယာကူဘူရဲ့ ပရီးမီးယားလိဂ် ကစားသမား ဘ၀က ၂၀၀၃-၀၄ ရာသီမှာ စတင်ခဲ့ပါတယ်။ပို့စ်မောက်အသင်းမှာ အငှား ၁ ရာသီ ကစားခဲ့ပြီးနောက်အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး ၂ ရာသီဆက်လက်ကစားခဲ့ ပါတယ်။၂၀၀၅ ခုနှစ်မှာတော့ မစ်ဒယ်ဘရော့အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ပွဲပေါင်း ၇၀ မှာ ၂၅ ဂိုးသွင်းယူခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ အဲဗာတန်အသင်းကို ၂၀၀၇ ခုနှစ်မှာ ရောက်ရှိသွားခဲ့ပြီး နည်းပြမွိုက်စ်နဲ့ ၅ ရာသီ လက်တွဲခဲ့ပြီး ၂၀၁၁-၁၂ ရာသီမှာတော့ ဘလက်ဘန်းအသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

၉ ရာသီတွင်း ကလပ်အသင်း ၄ သင်းမှာပြောင်းရွှေ့ကစားခဲ့တဲ့ ယာကူဘူဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၉၅ ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စ်စစ်မှူးတွေထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုရမယ့်သူ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားကလပ် ဂျူးလီးယက်စ် ဘာဂါအသင်းမှာ ကစားသမား ဘ၀ကို စတင်ခဲ့ပြီး ဘောလုံးလောကမှာ နှစ်ပေါင်း ၂၀ လောက် ကျင်လည်ခဲ့တဲ့ ယာကူဘူဟာ ၂၀၁၇ ခုနှစ်မှာ ကိုဗင်ထရီအသင်းမှာ နောက်ဆုံးကစားခဲ့ပြီး ဘောလုံးလောကို ကျောခိုင်းခဲ့ပါတယ်။

၂ – အဒီဘာယော (၉၇ဂိုး)

တိုဂိုလက်ရွေးစင်အသင်းတိုက်စစ်မှူးဖြစ်တဲ့ အဒီဘာယောကတော့ အာဆင်နယ် ၊ မန်စီးတီး ၊ စပါး နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတွေမှာ ကစားသမားဘ၀ကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။အာဆင်နယ်အသင်းက ၂၀၀၆ ခုနှစ်မှာ အဒီဘာယောကို မိုနာကိုအသင်းကနေ ခေါ်ယူခဲ့ပြီး အသင်းမှာရှိတဲ့ တိုက်စစ်မှူး ဗန်ပါစီနဲ့ အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ အဒီဘာယော မန်စီးတီးအသင်းကို အံအားသင့်ဖွယ်ပြောင်းရွှေ့ခဲ့ပြီး ပုံမှန်ခြေစွမ်း အောက်ကျဆင်းခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် ၊ စပါးအသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ စပါးအသင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့တဲ့ အဒီဘာယောဟာ အာဆင်နယ်အသင်းပရိသတ်တွေရဲ့ အမြင်မကြည်လင်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်သူ ဟာ ပရီးမီးယားလိဂ်နဲ့ အသားကျပြီးသား တိုက်စစ်မှူးဆိုတာကို သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပြီး သွင်းဂိုး ၉၇ ဂိုးနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့ပါတယ်။

၁ – ဒရော့ဘာ (၁၀၄ဂိုး)

ဒရော့ဘာကတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အာဖရိက တိုက်စစ်မှူးဆိုတာကို သွင်းဂိုး ၁၀၄ ဂိုးက သက်သေပြနေပါတယ်။မာဆေးလ်အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်ခဲ့တဲ့ ဒရော့ဘာကို ချဲလ်ဆီးအသင်းထံခေါ်ယူခဲ့သူက မော်ရင်ညိုပါ။ချဲလ်ဆီးအသင်းမှာ ဆယ်စုနှစ် တစ်ခုနီးပါးကစားခဲ့တဲ့ ဒရော့ဘာဟာ အသင်းနဲ့အတူ ပြည်တွင်းအောင်မြင်မှုတွေ အပြင် ဥရောပ အောင်မြင်မှုတွေပါ ရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာခဲ့ပြီး တရုတ်စူပါလိဂ် နဲ့ ဂါလာတာစာရေးအသင်းတွေကို ပြောင်းရွှေ့ကစားခဲ့ကာ ၂၀၁၄-၁၅ ရာသီမှာ ချဲလ်ဆီးအသင်းကို တစ်ရာသီ ပြန်လည်လာရောက်ကစားခဲ့ပြီး အသင်းရဲ့ ဂန္တ၀င်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်သလို အာဖရိက တိုက်မှာလည်း ရံပုံငွေ ရရှိစေဖို့ လှုပ်ရှားမှုတွေနဲ့ ပရဟိတ လုပ်ငန်းများစွာကို လုပ်ဆောင်နေသူဖြစ်ပါတယ်။ဘောလုံးအားကစားနည်းကို ချစ်မြတ်နိုးတဲ့ ပရိသတ်တိုင်းအတွက် ဒရော့ဘာက မေ့လို့ရမှာမဟုတ်တဲ့ တိုက်စစ်မှူးတွေထဲက တစ်ဦးလို့ ဆိုရပါမယ်။

Comments