မန်ချက်စတာ ဒါဘီမှာ မန်ချက်စတာယူနိုက်တက်အသင်း နိုင်ပွဲရရှိမယ့် အချက် (၅) ချက်

Yan Yan Yan Yan

ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်စီးတီးအသင်းတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲက စောင့်ကြိုနေပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းကို မန်စီးတီးအသင်း အိမ်ကွင်းမှာ လက်ခံကစားရဖို့ရှိနေပြီး ဒီပွဲစဉ်ဟာ ပရိသတ်တွေမျှော်လင့်ချက် များစွာနဲ့ကြည့်ရှုဖို့ စောင့်မျှော်နေတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဒီပွဲစဉ်မှာသာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့လည်း ရှိနေပါတယ်။ ဒီစံချိန်ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲရာသီကုန်ဆုံးဖို့ ၆ ပွဲကျန်ရှိချိန်မှာ ပထမဆုံး ဖလားရယူနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းသစ်ကို မန်စီးတီးအသင်း ရေးထိုးနိုင်မှာပါ။

တစ်ဖက်က မန်ချက်စတာ ယူနိုက်တက်နည်းပြ မော်ရင်ညိုကလည်း ရာသီကုန် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်ဖို့အတွက် လက်ကျန်ပွဲစဉ်တွေကို အာရုံစိုက် ကစားနေပြီး ဒီနှစ်သင်း တွေ့ဆုံခဲ့တဲ့ ပထမအကျော့မှာတော့ မန်စီးတီးအသင်းက အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ အနိုင်ရယူထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် လာမယ့်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက မန်စီးတီးအသင်းကို အနိုင်ရရှိနိုင်မယ့် အချက် (၅) ချက်ရှိနေပါတယ်။

၁ – လီဗာပူးလ်နဲ့ ပွဲစဉ်အပြီး ၇၂ နာရီမှာ ဒါဘီပွဲစဉ်ကစားရမယ့် မန်စီးတီး

မန်စီးတီးအသင်းဟာ လီဗာပူးလ်အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး ၇၂ နာရီအကြာမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။လီဗာပူးလ်အသင်းနဲ ပွဲစဉ်မှာ မန်စီးတီးအသင်း ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာ လီဗာပူးလ်အသင်းကို ၂ ကြိမ်တိုင် ရှုံးနိမ့်ခဲ့ပါတယ်။

မန်စီးတီးအသင်းမှာ ကွင်းလယ်လူ ဂန်ဒိုဂန်က လွဲလို့ ကျန်ကစားသမားတွေ အကုန်လုံး လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကို ပွဲချိန်ပြည့်ကစားခဲ့ကြပါတယ်။ဒါ့ကြောင့် နောက် ၃ ရက်အကြာမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားမယ့် ပွဲစဉ်မှာပွဲထွက်ရမယ့် ဒီကစားသမားတွေအနေနဲ့ ပွဲပန်းမှု ဒဏ်ကို များစွာခံစားရမှာပါ။ဒီပွဲပန်းမှုက ပွဲစဉ်ရဲ့ ရလဒ်အပေါ်မှာ သက်ရောက်မှု ကြီးမားသွားနိုင်ပါတယ်။

တခြားတစ်ဖက်က မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဖြစ်တာကြောင့် ဆွမ်ဆီးအသင်းနဲ့ ပွဲစဉ်ပြီးတည်းက အနားရနေခဲ့ပြီး ဒါဘီပွဲစဉ်အတွက် ပြင်ဆင်ချိန်လည်း လုံလုံလောက်လောက် ရရှိထားခဲ့ပါတယ်။

၂ – မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရဲ့ အကောင်းဆုံး စုစည်းမှု စိတ်ဓါတ်

မော်ရင်ညို ဆန်းချက်ကို အာဆင်နယ်အသင်းကနေ ခေါ်ယူခဲ့စဉ်က မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှာ ရုန်းကန်ရမယ့် သူတစ်ဦးလို့ သုံးသပ်ခဲ့တဲ့ စကားတွေကို မော်ရင်ညိုက ဆန်းချက်ခြေစွမ်းပြသနိုင်မယ်ဆိုတဲ့ စကားနဲ့ တုံ့ပြန်ခဲ့ဖူးပါတယ်။

မော်ရင်ညိုပြောခဲ့သလိုပဲ ဆန်းချက်အသင်းကို စတင်ရောက်ရှိခဲ့ချိန်တည်းက မန်ချက်စတာ ယူနိုက်တက်အသင်း စပါး ၊ နယူးကာဆယ်တို့နဲ့ ပွဲစဉ်တွေမှာပဲ အရေးနိမ့်ခဲ့ပြီး ဥရောပအဆင့်မှာတော့ ဆီဗီလာအသင်းနဲ့ ပွဲစဉ် ၁ ပွဲတည်း ရှုံးပွဲတွေ့ကြုံခဲ့ပါတယ်။

မော်ရင်ညိုက သူ့ငွေကြေးများစွာ အသုံးပြုပြီး ခေါ်ယူထားခဲ့တဲ့ ကစားသမား ၃ ဦးလုံးကိုတွဲဖက်အသုံးပြုဖို့ စီစဉ်ခဲ့ပေမယ့် အစောပိုင်းမှာ ပေါ့ဘာရဲ့ နေရာကို လူငယ်ကစားသမား မက်တွန်မီနေးလ်နဲ့ အစားထိုးခဲ့ပါတယ်။ဒီလို အစားထိုးလိုက်တဲ့ ရလဒ်က ဆန်းချက်ကို တိုက်စစ်ပိုင်းမှာ ရုန်းကန်စေခဲ့တဲ့အထိ ဆိုးရွားခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဆွမ်ဆီးအသင်းနဲ့ပွဲစဉ်မှာ မော်ရင်ညိုရဲ့ ဦးစားပေး ကစားကွက်ဖြစ်တဲ့ ပေါ့ဘာ ၊ ဆန်းချက် ၊ လူကာကူ တို့ ၃ ဦးကို တစ်ပြိုင်တည်း ထည့်သွင်းအသုံးပြုခဲ့ချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေထဲမှာ အကောင်းဆုံး ပွဲစဉ်တစ်ပွဲလို့ဆိုရမယ့်ထိ ရလဒ်ကောင်းခဲ့ပါတယ်။ လူကာကူ တစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဆန်းချက်လည်း တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ ပေါ့ဘာကတော့ ကွင်းလယ်မှာ အကောင်းဆုံး လှုပ်ရှားကစားနိုင်ခဲ့တာကြောင့် မော်ရင်ညိုဖြစ်စေချင်တဲ့ ၄-၂-၃-၁ ကစားကွက်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း အသားကျလာပြီလို့ ဆိုနိုင်ပြီး ဒီကစားစုဖွဲ့မှုကို ထိန်းချုပ်ဖို့ဆိုတာ ပြိုင်ဘက် နောက်တန်းတွေအတွက် ခက်ခဲနေခဲ့ပါပြီ။

၃ – လာမယ့်ရာသီမှာလည်း အသင်းမှာ ဆက်ရှိနေဖို့ ထိုက်တန်တယ်ဆိုတာကို ပြသမယ့် မော်ရင်ညို

မော်ရင်ညိုရဲ့ ဒုတိယ ရာသီဆိုတဲ့ စကားကို ဘောလုံးပရိသတ်တွေအကုန်လုံး ရင်းနှီးကျပါတယ်။ပေါ်တို အသင်းကို ချန်ပီယံလိဂ် ဖလားရယူပေးနိုင်ခဲ့သလို အင်တာမီလန်အသင်းကိုလည်း အမှတ်ပေးချန်ပီယံ နဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို မော်ရင်ညို အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒုတိယရာသီမှာ ရယူပေးခဲ့တာပါ။ဒါ့အပြင် သူကိုင်တွယ်ခဲ့တဲ့ (ပေါ်တို ၊ အင်တာ ၊ ချလ်ဆီး နဲ့ ရီးရဲလ်) အသင်းတွေရဲ့ဒုတိယရာသီတိုင်းမှာ မော်ရင်ညို အောင်မြင်မှုရယူနိုင်ခဲ့တာ သက်သေပဲဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တာ ဒီရာသီဟာ ဒုတိယရာသီ ဖြစ်ခဲ့ပေမယ့် မော်ရင်ညို အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ရမှတ် ၁၆ မှတ်ကွာဟနေခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲကနေလည်း ဆီဗီလာအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပါတယ်။ ဥရောပ၀င်ခွင့်အတွက်ဆိုလည်း သေချာနေခဲ့ပြီဖြစ်တာကြောင့် ဒီပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် အရေးမပါတော့ဘူးလို့ ပြောမယ်ဆိုပြောလို့ရတဲ့ အခြေအနေပါ။ဒါပေမယ့် ဥရောပရဲ့ အစဉ်အလာအကြီးဆုံး ဒါဘီပြိုင်ပွဲတွေထဲက တစ်ခုလို့ ဆိုရမယ့် ဒီပွဲစဉ်မှာ အနိုင်ရရှိခဲ့မယ်ဆိုရင် မော်ရင်ညိုနဲ့ အသင်းပရိသတ်တွေအတွက် အဓိပ္ပါယ်တစ်ခုကိုတော့ ကိုယ်စီပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

မော်ရင်ညိုအတွက်ကတော့ ဒီပွဲစဉ်ကိုသာ အနိုင်ကစားခဲ့မယ်ဆိုရင် လက်ရှိထွက်ပေါ်နေတဲ့ ဝေဖန်သံတွေကို တိတ်ဆိတ်စေမှာဖြစ်သလို လာမယ့်ရာသီ အသင်းမှာဆက်ရှိနေဖို့ ထိုက်တန်တယ်ဆိုတာကိုလည်း အားလုံးကို ချပြနိုင်မှာဖြစ်ဖို့ ဂုဏ်သိက္ခာပိုင်းအရ မော်ရင်ညို အကောင်းဆုံး ပြင်ဆင်လာပါလိမ့်မယ်။

၎ – မန်စီးတီးအသင်းရဲ့ အာရုံကို ပျံ့လွင့်စေတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်

ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်မှာ ကျဆုံးခဲ့တဲ့ ဂွါဒီယိုလာကတော့ ချန်ပီယံလိဂ် ဆုဖလားနဲ့ထိုက်တန်တဲ့သူဖြစ်တယ်ဆိုတာ လျို့ဝှက်ချက် ရှိမနေခဲ့ပါဘူး။ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ လက်ကျန်ပွဲစဉ်တွေမှာ ၁ ပွဲအနိုင်ရရှိတာနဲ့ သေချာပြီဖြစ်လို့ ချန်ပီယံလိဂ်အောင်မြင်မှုကို ဂွါဒီယိုလာ ပိုပြီးအာရုံစိုက်လာနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်အပြီးမှာ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ချန်ပီယံလိဂ် ဒုတိယအကျော့ လက်ခံကစားဖို့ ရှိနေပြီး ပထမအကျော့က ရှုံးကြွေးကိုလည်း ဆပ်ရမှာဖြစ်လို့ ဂွါဒီယိုလာရဲ့ ပစ်မှတ်က ဒါဘီပွဲစဉ်အပေါ်မှာ လျော့နည်းနေနိုင်ပါတယ်။ဒါအပြင်ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဂွါဒီယိုလာ အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပွဲစဉ်မှာ အဓိက ကစားသမားတွေထဲက တစ်ချို့ကို အနားပေးသွားဖို့ စီစဉ်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း အသာရဖို့ အခြေအနေ ဖန်တီးပေးနေတယ်လို့ ဆိုရပါမယ်။

၅ – မန်ချက်စတာ ဒါဘီကို လွဲချော်မယ့် အဂူရို

အသင်းတွက် ထိပ်တန်းဂိုးသွင်းရှင် အဂူရိုမပါဝင်နိုင်တဲ့အချိန် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာတိုက်စစ်ပိုင်းကို ဦးဆောင်လာခဲ့တဲ့ ဂျီးဆပ်က ဂိုးကန်သွင်းခွင့် တစ်ကြိမ်တောင်မရှိခဲ့ပါဘူး။

အဂူရိုဟာ ဒီရာသီမှာ ဆာနေး ၊ စတာလင်တို့နဲ့တွဲဖက်ပြီး အသင်းတွက် ဒီရာသီမှာ သွင်းဂိုး ၃၀ သွင်းယူပေးထားခဲ့ပေမယ့် ပေါင်ခြံဒဏ်ရာရရှိခဲ့တာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်နေခဲ့ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီ ဆိုပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ဖို့က ၉၀ ရာခိုင်နှုန်းလောက်ရှိနေပါတယ်။

နည်းပြဂွါဒီယိုလာကလည်း အဂူရိုကစားနိုင်ပြီဆိုရင်တောင် လီဗာပူးလ်နဲ့ ပွဲစဉ်အတွက် ချန်လှပ်ထားဖို့ရှိနေခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နောက်တန်းကစားသမားတွေကို အတိတ်ကာလတွေမှာ အိပ်မက်ဆိုး မက်စေခဲ့တဲ့ အဂူရို မပါဝင်နိုင်ခဲ့ဘူး ဆိုရင် နိုင်ပွဲရရှိဖို့ ရေပန်းစားတဲ့ အသင်းက မန်ချက်စတာ ယူနိုက်တက်အသင်း ဖြစ်လာပါလိမ့်မယ်။

Comments