မန်စီးတီးသာ စိန်ခေါ်သူ အစစ်အမှန်လို့ ပြောကြားခဲ့တဲ့ ကွန်ပနီ

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တဲ့ မန်စီးတီးနောက်ခံကစား သမား ကွန်ပနီက အသင်းအနေနဲ့ ယခုနှစ် ချန်ပီယံလိဂ် ဆုဖလားရယူနိုင်ဖို့ ပြည့်ဝတဲ့ စွမ်းဆောင်ရည်တွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲမရှိစွမ်းဆောင်ထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းကတော့ ယခုတစ်ပတ် ရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် ဘေလ်ဆယ်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ နောက်ဆုံး ၄ နှစ်တွင်းမှာ ၁၆ သင်းအဆင့်ကို ၃ ကြိမ် ကျော်ဖြတ်နိုင်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်ဘောလုံးရာသီမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ပြီးပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ ဂွါဒီယိုလာရဲ့ လက်အောက်မှာ အမြင့်ဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းကတော့ ဘေလ်ဆယ်အသင်းထက် များစွာသာလွန်မှုတွေ ရှိနေခဲ့ပါတယ်။

“ယခင်က အချိန်အခါ မတိုက်ဆိုင်တာကြောင့် ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ပါတယ်။ အခုအချိန်မှာတော့ အရာရာပြောင်းလဲချိန်တန်ပါပြီ။”

“အချိန်များစွာ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာတော့ ဒီပြိုင်ပွဲဟာ အိမ်ကွင်းပြိုင်ပွဲ တစ်ခုသဖွယ်ခံစားခဲ့ရပါပြီ”

“ဒီပြိုင်ပွဲကို အရေးမကြီးဘူးလို့ မဆိုလိုချင်ပါဘူး။ဘာကြောင့်လည်းဆိုတော့ ချန်ပီယံလိဂ် ဆုဖလားမရယူဖူးတဲ့ ကလပ်အသင်းတွေ အများကြီးပါ။ လက်ရှိအချိန်မှာ ယုံကြည်မှုတွေ မြင့်မားနေပြီဖြစ်တာကြောင့် ဒီနှစ်မဟုတ်ရင် နောက်နှစ်မှာ ချန်ပီယံဆု ရရှိမယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ကွန်ပနီက ပြောကြားခဲ့ပါတယ်။

Comments