ချီလီနီနဲ့ ရင်ဆိုင်ရမယ့်အချိန်ကို မစောင့်ဆိုင်းနိုင်တော့ကြောင်း ပြောကြားခဲ့တဲ့ ဟယ်ရီကိန်း

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ဂျူဗင်တပ်အသင်းနဲ့ ပွဲစဉ်မှာ ဂျူဗင်တပ် နောက်ခံကစားသမား ချီလီနီနဲ့ ရင်ဆိုင်ရမယ့် အချိန်ကို မစောင့်ဆိုင်းနိုင်တော့ ကြောင်းပြောကြားခဲ့ပါတယ်။

ဟယ်ရီကိန်း အင်္ဂလန်အသင်းတွက် ပထမဆုံးပါဝင်ခဲ့တဲ့ ပွဲစဉ်က ၂၀၁၅ ခုနှစ်မှာ ဖြစ်ပြီးဒီပွဲစဉ်မှာတော့ အီတလီအသင်းနဲ့ ၁ ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ယခုနှစ် မှာတော့ နောက်ဆုံး ၇ ပွဲမှာ ၁ ဂိုးသာပေးထားရတဲ့ ဂျူဗင်တပ် နောက်ခံလူ ချီလီနီ နဲ့ တစ်ကျော့ပြန် ပြန်လည်စုံတွေ့တာဖြစ်ပါတယ်။

“ချီလီနီက ထိပ်တန်း ကစားသမား တစ်ဦးပါ။ အင်္ဂလန်အသင်းတွက် ပထမဆုံး ပွဲထွက်ကစားခဲ့ချိန်က ၅ မိနစ်ပဲရှိတယ်ဆိုပေမယ့် သူကိုကျော်ဖြတ်နိုင်ဖို့က တကယ်ကိုကြိုးစားခဲ့ရပါတယ်။ဒီပွဲစဉ်ကပဲ နိုင်ငံအသင်း ကစားသမား ဘ၀ကို အကောင်းဆုံး ဖြစ်စေခဲ့တာပါ။”

“ဂျူဗင်တပ် အသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ကမ္ဘာ့အဆင့် နောက်တန်း ကစားသမားတွေနဲ့ ရင်ဆိုင်ကစားရင်း ကျွန်တော့်ကို ကျွန်တော် ပိုကောင်းအောင် လုပ်ဆောင်ချင်တယ်လို့ အရင်တည်းက ပြောခဲ့ဖူးပါတယ်။”

“လူတော်တော်များများက ကျွန်တော်တို့ အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်မှာမ ဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့ပြီး ယခုတစ်ဆင့်မှာတော့ ဂျူဗင်တပ်အသင်းနဲ့ ရင်ဆိုင်ကစားဖို့အတွက် ယုံကြည်မှု တွေအမြင့်ဆုံးမှာ ရှိနေခဲ့ပါပြီ” လို့ ကိန်းကပြောကြားခဲ့ပါတယ်။

ချီလီနီကတော့ နောက်ဆုံး ၂၆ ပွဲမှာ ၂၃ဂိုးသွင်းယူထားပြီး မနှစ်က ရာသီမှာ ပွဲ ၃၀ ကစားခဲ့ပြီး ၂၉ ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို လေးစားတဲ့ အမူအရာရှိတဲ့ စကားတွေကို ဆိုခဲ့ပါတယ်။

“ကိန်းဟာ ထိပ်တန်းတိုက်စစ်မှူး တစ်ဦးဖြစ်ပြီး မနှစ်ကရာသီက အချက်အလက်တွေက သူ့ကိုထင်ရှားစေခဲ့တာ ဖြစ်ပါတယ်။ သူဟာ တိုးတက်မှု များစွာရရှိနေတဲ့ ကစားသမားဖြစ်ပြီး တိုးတက်မှုဆိုတာကလည်း ထိန်းချုပ်ရအခက်အခဲဆုံး အရာတစ်ခုပါ။”

“သူဟာ တစ်သင်းလုံးမှာ ဂိုးသွင်းစွမ်းရည်အကောင်းဆုံး ဖြစ်ပြီး သူရဲ့ ကစားပုံက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတာကို သက်သေပြနေပြီး သူ့လို ကစားသမား ပိုင်ဆိုင်ထားရတာ စပါးအသင်းတကယ်ကို ကံကောင်းပါတယ်”

“သူ့ကိုတစ်ဦးတစ်ယောက်ချင်း ထိန်းချုပ်သွားတာထက် တစ်သင်းလုံး ထိန်းချုပ်သွားတဲ့ ပုံစံမျိုးကိုပဲ ကျွန်တော်ပိုပြီးတော့လိုချင်ပါတယ်”

“တစ်ဦးချင်းထိန်းချုပ်မှုတွေကလည်း အရေးကြီးတယ်ဆိုပေမယ့် စပါးအသင်းမှာ ထိန်းချုပ်ရမှာက ကိန်းတစ်ဦးတည်း မဟုတ်ပါဘူး။ သူတို့အသင်းမှာ တိုက်စစ် ကစားသမား ၄ ဦးထိ ရှိနေခဲ့ပြီး ကိန်းတစ်ဦးတည်းကို ထိန်းချုပ်ဖို့အတွက် စဉ်းစားသွားမှာ မဟုတ်ပါဘူး” ဆိုပြီး ချီလီနီက ပြောကြားခဲ့ပါတယ်။

Comments