မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် နဲ့ နည်းပြအဖွဲ့ဝင်များ ခန့်အပ်ပွဲအခမ်းအနားကျင်းပ

Yan Yan Yan Yan

မြန်မာ့လက်ရွေးစင်အသင်း၏လစ်လပ်နေသော နည်းပြချုပ် နေရာကိုခန့်အပ်ရန်အတွက် နည်းပြချုပ် အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ ဟာလက်၊ ဂိုးနည်းပြ ဟာဇော့တိုနှင့် စာချုပ်ချုပ်ဆိုခြင်း နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို မေလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီ အချိန်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အသစ်ခန့်အပ်ခဲ့တဲ့ နည်းပြ နဲ့ အဖွဲ့ဝင်များကို (၂၀၁၈) ခုနှစ် မေလ (၁၆) ရက်နေ့မှစတင်ပြီး (၂၀၁၉) ခုနှစ် ဒီဇင်ဘာလအထိသက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ပြည်တွင်းနည်းပြတစ်ဦးဖြစ်သူ ဦးစိုးမြတ်မင်းကိုလည်း လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး အန်တွမ်နီဟေး၏ နည်းပြအဖွဲ့မှာ ပူးပေါင်းသွားဖို့ ရှိနေပါတယ်။

နည်းပြချုပ်ခေါ်ယူခဲ့ခြင်း နှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် နည်းစနစ် ဌာန ဒါရိုက်တာ ဦးတင်မြင့်အောင်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ မီဒီယာအသီးသီးမှ မီဒီယာ သမားများ၊ နည်းပြချုပ် အန်တွမ်နီဟေးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး မီဒီယာသမားများနှင့် မေးမြန်းမှုများကို နည်းပြချုပ် အန်တွမ်နီဟေးနှင့် ဦးတင်မြင့်အောင်တို့က ပြန်လည် ဖြေကြားပေးခဲ့သည်။

အန်ုတွမ်နီဟေးကတော့ နိုင်ငံအသင်းများကို ကိုင်တွယ်တဲ့အတွေ့အကြုံရင့်နည်းပြတစ်ဦးဖြစ်ပြီး ကစားသမားဘ၀မှာလည်း ရှော်ကေး ၊ ဘာမင်ဂမ် ၊ ဘရစ္စတိုးလ်အစရှိတဲ့ အသင်းများမှာ ကစားခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။အထူးသဖြင့် အာဖရိက နိုင်ငံတွေမှာ နည်းပြတစ်ဦးအဖြစ် ကျင်လည်ခဲ့တဲ့ အန်တွမ်နီဟေးကတော့ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ရ၀န်ဒါ နိုင်ငံလက်ရွေးစင်အသင်း နည်းပြရာထူးကနေ (၂၀၁၈) ခုနှစ် ဇန်န၀ါရီလောက်တည်းက အနားယူဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး စာချုပ်ကိစ္စများ အပြီးသတ်နိုင်ခဲ့ပြီဖြစ်လို့ မြန်မာအသင်းကို ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

နည်းပြ ပတ်ဆောင်ဟွာ နဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ရလဒ်ဆိုးရွားခဲ့ပြီးနောက်ပိုင်းမှာ ခန့်အပ်ခဲ့တဲ့ နိုင်ငံခြားသားနည်းပြတွေထဲမှာ အန်တွမ်နီဟေးကတော့ (၄) ဦးမြောက် နည်းပြဖြစ်လာခဲ့ပါတယ်။အသင်းနဲ့အတူ ရလဒ်ပိုင်းဆိုးရွားမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပတ်ဆောင်ဟွာကတော့ အသင်းကို ပွဲစဉ် (၁၃) ပွဲကိုင်တွယ်ခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်း (၃၈.၄၆) ရာခိုင်နှုန်း ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဆားဘီးယားလူမျိုးနည်းပြ အေဗရာမိုဗစ်က ပွဲစဉ် (၂၂) ပွဲကိုင်တွယ်ခဲ့ပြီး အနိုင် (၃၁.၈၂) ရာခိုင်နှုန်း ၊ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ နည်းပြဂတ်ဇီဆီကတော့ (၂၄) ပွဲကိုင်တွယ်ပြီး နိုင်ပွဲ (၂၉.၁၇) ရာခိုင်နှုန်း ရယူထားနိုင်ခဲ့တာကြောင့် အန်တွမ်နီဟေး အနေနဲ့ မြန်မာအသင်း ရဲ့ ကစားသမား အစွဲကြီးမားတဲ့ လွှမ်းမိုးမှုကို ဖြေရှင်းပြီးအသင်းအတွက် မှန်ကန်တဲ့ ကစားသမားရွေးချယ်မှု ၊ မှန်ကန်တဲ့ နည်းစနစ်တွေနဲ့ အသင်းအတွက် ရလဒ်ကောင်း ရယူနိုင်မလား စောင့်ကြည့်သွားရပါမယ်။

Photos Credit; MFF Official Facebook Page

Comments