အချိန်ပိုထိကစားခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်းဒိုင်းဒုတိယအဆင့်ရှုံးထွက်ကိုတက်ရောက်နိုင်ခဲ့တဲ့မောင်တိန်လိုင်းယွန်းအသင်းနဲ့စစ်ကိုင်းယူနိုက်တက်အသင်း

Thet Htet Lin Thet Htet Lin

၂၀၁၈ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပထမအဆင့် ရှုံးထွက်ပွဲစဉ်များကို ယနေ့ ညနေပိုင်း ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာမှာ မောင်တိန်လိုင်းယွန်းအသင်းနဲ့ စစ်ကိုင်းယူနိုက်တက် အသင်းတို့ နိုင်ပွဲအသီးသီးရပြီး နောက်ထပ် တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ မြဝတီအသင်းတို့ ပွဲစဉ်မှာတော့ ပွဲကစားချိန် (၂၅)မိနစ်မှာ ပဲ သက်ပိုင်ကိုက မြဝတီ အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးခွင့်ပြုခဲ့ရတဲ့ စစ်ကိုင်းယူနိုက်တက်အသင်းဟာ ပထမပိုင်း မပြီးခင်လေးတင် မှာပဲ ချေပဂိုးပြန်သွင်းပြီး ပထမပိုင်းဟာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ စစ်ကိုင်းယူနိုက်တက်အသင်းဟာ ဂိုးရရှိဖို့ အတွက် တိုက်စစ်ကို မြှင့်ကစားခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင် ပွဲချိန် (၄၉)မိနစ်မှာ ဘမ်ဘာက စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုး ပြန်လည် သွင်းယူပေးခဲ့ ပါတယ်။ အားလုံးက စစ်ကိုင်းယူနိုက်တက်အသင်း အနိုင်ရသွားပြီလို့ထင်ခဲ့ကြပေမယ့် ပွဲချိန် မိနစ် (၉၀) အပြီး နာကျင်ချိန်ပိုမှာ မြဝတီအသင်းက ပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။ ရဲဝေယံ စိုးက အမှားအယွင်းမရှိသွင်းယူနိုင်ခဲ့တာကြောင့် တစ်ဖက်(၂)ဂိုး စီသရေရလဒ်ထွက်ပေါ်ခဲ့ပြီး အချိန်ပို မိနစ် (၃၀) ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

အချိန်ပိုမိနစ် (၃၀) ကစားပြီးတဲ့အထိ သရေရလဒ်ဆက်လက်ထွက်ပေါ်နေတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ရယူခဲ့ကြပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ စစ်ကိုင်းယူနိုက်တက် အသင်းဂိုးသမားအေဇင်မှူးက ပင်နယ်တီ (၃)ကြိမ်တိတိ ကာကွယ်နိုင်ခဲ့ပြီး စုစုပေါင်း (၅)ဂိုး (၂)ဂိုးအနိုင် ရလဒ်နဲ့ စစ်ကိုင်းယူနိုက်တက်အသင်း နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။ စစ်ကိုင်းယူနိုက်တက်အသင်းဟာ ဒုတိယအဆင့်ရှုံးထွက်ပွဲစဉ်မှာ ရတနာပုံအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မောင်တိန်လိုင်းယွန်းအသင်းနဲ့ မောရဝတီအသင်းတို့ရဲ့ပွဲစဉ် ကိုတော့ အောင်ဆန်းကွင်းမှာ ကစားခဲ့ကြတာဖြစ်ပါတယ်။ နောက်တစ်ဆင့်အတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်လို့ နှစ်သင်းလုံးဟာ သတိကြီးစွာနဲ့ ကစားခဲ့ပါတယ်။ ပွဲကစားချိန် (၂၂)မိနစ်မှာပဲ စောမျိုးလင်းက မောရဝတီ အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် (၃၈)မိနစ်မှာ မောင်တိန်လိုင်းယွန်း အသင်းအတွက် ကျော်ဇင်က ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်း (၄၅)မိနစ်မှာ ထက်ဝေအောင်က မောရဝတီအသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် ပထမပိုင်း မှာ မောရဝတီအသင်းက (၂)ဂိုး (၁)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ် ။

ဒုတိယပိုင်းပြန်စပြီး ပွဲကစားချိန် (၅၈)မိနစ်မှာ မောင်တိန်လိုင်းယွန်းအသင်းက ပင်နယ်တီကန်ခွင့်ရရှိ ခဲ့ပြီး ကျော်ဇင်ကပဲ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ မိနစ်(၉၀)ထိ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အချိန်ပို မိနစ် (၃၀)ထိဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရပါတယ် ။ အချိန်ပို (၁၀၆)မိနစ်နဲ့ (၁၁၇)မိနစ်တွေမှာ မောင်တိန်လိုင်းယွန်းအသင်းတိုက်စစ်မှူးအောင်မြတ်သူက အနိုင်ဂိုးများသွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ မောင်တိန်လိုင်းယွန်းအသင်း က (၄)ဂိုး (၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ်။

မောင်တိန်လိုင်းယွန်းအသင်းဟာ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်မှာ ရခိုင်ယူနိုက်တက် အသင်းနဲ့တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Comments