အောင်ပွဲခံဖို့အချိန်မတန်သေးကြောင်းဂျာဂန်ကလော့ပ်ပြောကြား

Thet Htet Lin Thet Htet Lin

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ မန်ချက်စတာစီးတီး အသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့်လည်း အောင်ပွဲခံလို့မရသေးကြောင်း နည်းပြ ဂျာဂန်ကလော့ပ်ကပြောပါတယ်။

အဆိုပါပွဲစဉ်မှာ ဆာလက် ၊ ချိန်ဘာလိန် ၊ မာနေးတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့အတူ လီဗာပူးလ်အသင်းဟာ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပထမအကျော့မှာ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့်လည်း အတွေ့အကြုံတွေအရ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ကို ပြောဖို့ စောသေးကြောင်း ဂျာဂန်ကလော့ပ်ကဆိုပါတယ်။

“ ဒါက အဆုံးအဖြတ်မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ ကြိုးစားရပါဦးမယ်။ နောက်တစ်ဆင့်ကို တက်နိုင်တာမဟုတ်သေးပါဘူး။ ဒီအချိန်မှာ ဘာလို့ အောင်ပွဲခံမှာလဲ? ပါတီတစ်ခု စတင်မှသာ ပါတီမှာ အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။ (၄)ပတ်အလိုမှာ အောင်ပွဲခံလို့မရပါဘူး။ ” လို့ ဂျာဂန်ကလော့ပ်ကပြောပါတယ်။

အဲဒီနောက် ဂျာဂန်ကလော့ပ်ကဆက်လက်ပြောကြားခဲ့ရာမှာ – “ ကျွန်တော် ဒီလောကထဲမှာ ကြာပါပြီ။ ကျွန်တော် ဒေါ့မွန်မှာတုန်းက လည်းဖြစ်ဘူးပါတယ်။ အဲဒီတုန်းက ပထမအကျော့မှာ ကျွန်တော်တို့ရီးယဲလ်မက်ဒရစ်ကို (၃)ဂိုး ဂိုးမရှိနဲ့ ရှုံးတယ်။ လူတိုင်းကပြောတယ်။ ကျွန်တော်တို့သွားပြီတဲ့။ ဒုတိယအကျော့မှာ ကျွန်တော်တို့ ပြန်လည် ပြင်ဆင်မှုတွေပြုလုပ်ပြီး (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တယ်။ အဲဒီချိန်မှာ လူတိုင်းကပြောတယ်။ ကျွန်တော်တို့ (၅)ဂိုး ဂိုးမရှိလောက်နဲ့ နိုင်သင့်တယ်တဲ့။ (၃)ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်က (၃)ဂိုး (၁)ဂိုး ဆိုတဲ့ ရလဒ်ထက် ပိုကောင်းပါတယ်။ ဒီလိုပဲ (၃)ဂိုး (၁)ဂိုး ဆိုတဲ့ရလဒ်ဟာလည်း (၁)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်ထက်ပိုကောင်းပါတယ်။ ဘယ်အသင်းမှ အ၀တ်လဲခန်းထဲမှာ ပထမပိုင်းအပြီး အောင်ပွဲခံနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မန်ချက်စတာစီးတီး အသင်းကို (၅)ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ဘူးတဲ့ သာဓက တွေရှိပါတယ်။ ဒါမျိုးထပ်ဖြစ်မယ်လို့တော့ ကျွန်တော်မတွေးပါဘူး။ ကျွန်တော်တို့ကမ္ဘာ့အကောင်းဆုံး အသင်းကို အနိုင်ယူခဲ့တယ်။ သူတို့ကိုနိုင်ဖို့ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ နိုင်ဖို့ခဲယဉ်းတယ်။ ဘာလို့လဲဆိုတော့ သူတို့က သိပ်ကောင်းတယ်လေ။ တကယ်လို့ ခင်ဗျားတို့ လိုချင်တဲ့ အဖြေကို ကျွန်တော်ဖြေခဲ့မယ်ဆိုရင် ဂွါဒီယိုလာကလည်း ဒီသတင်းပါတဲ့သတင်းစာကို ကိုင်ပြီး အ၀တ်လဲခန်းထဲမှာ ကျွန်တော်ဘာပြောလဲကြည့်ကြ ဆိုပြီး အသင်းသားတွေကို ပြောပါလိမ့်မယ်။ ”လို့ ဆိုပါတယ်။
လီဗာပူးလ်အသင်းအတွက် ထိုးနှက်ချက်တစ်ခုကတော့ အသင်းရဲ့ တိုက်စစ်မှူး ဆာလက် ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင်ကွင်းလယ်ကစားသမား ဂျော်ဒန်ဟန်ဒါဆင်ဟာလည်း ဒုတိယအကျော့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ဆာလက်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး နည်းပြကိုမေးမြန်းခဲ့ရာမှာတော့ – “ အရမ်းကြီးတော့ မပြင်းလောက်ပါဘူး။ ပွဲပြီးတော့ အားလုံးအဆင်ပြေတယ်လို့ သူကပြောတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ ” လို့ ဂျာဂန်ကလော့ပ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

Comments