စီရော်နယ်ဒိုရဲ့သွင်းဂိုးတွေနဲ့ပီအက်စ်ဂျီအသင်းကိုရီးယဲလ်မက်ဒရစ်အနိုင်ရခဲ့

Real Madrid - Cristiano Ronaldo
Thet Htet Lin Thet Htet Lin

ယနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာလည်း အသင်းအတွက် ချန်ပီယံ လိဂ်သွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့ပါတယ်။

ပထမပိုင်းပွဲကစားချိန်တွေမှာ (၂)သင်းစလုံး ဂိုးသွင်းခွင့် အခွင့်အရေးတွေရရှိခဲ့ပြီး အစ်စကို ၊ နေမာ ၊ လိုဆယ်လို တို့ အခွင့်အရေးတွေရရှိခဲ့ပါတယ်။

ပွဲကစားချိန်(၃)မိနစ်မှာပဲ အစ်စကိုရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် ထောင့်ကျဉ်းအနေအထားကနေ စီရော်နယ်ဒို ကန်သွင်းခဲ့ပေမယ့်လည်း ဂိုးပေါက်နဲ့လွဲချော်ခဲ့ပါတယ်။

နောက်ထပ်(၂)မိနစ်အကြာမှာပဲ တိုနီခရူးစ် ပင်နယ်တီးစည်းအစပ်မှ အမှတ်မထင်ကန်သွင်းခဲ့ရာမှာ ပီအက်စ်ဂျီ အသင်းဂိုးသမား အေရီယိုလာ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သလို ပြန်ထွက်လာတဲ့ဘောလုံးကိုလည်း မာကွင်ဟို့စ် ရှင်းထုတ်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ ပွဲကစားချိန်(၇)မိနစ်မှာပထမဆုံးအခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပါတယ်။ နေမာရဲ့ ဖန်တီးပေးမှုမှတစ်ဆင့် ယူရီဘာဟီချီကန်သွင်းခဲ့ပေမယ့် ဂိုးပေါက်နဲ့လွဲချော်ခဲ့ပါတယ်။

ပွဲကစားချိန်(၂၆)မိနစ်မှာ စီရော်နယ်ဒိုဖရီးကစ်ကန်သွင်းခွင့်ရရှိရာမှာ ဂိုးဘားပေါ်ကျော်သွားခဲ့သလို နောက်ထပ် (၂)မိနစ်အကြာမှာပဲ မာဆယ်လိုရဲ့ ဘယ်ဘက်ခြမ်းဖန်တီးပေးပို့မှုမှတစ်ဆင့် စီရော်နယ်ဒိုနဲ့ဂိုးသမား တစ်ဦးချင်းရင်ဆိုင်ရတဲ့အနေအထားကနေကန်သွင်းခဲ့ပေမယ့် ပီအက်စ်ဂျီဂိုးသမား အေရီယိုလာရဲ့မျက်နှာနဲ့ထိ ပြီး ထွက်ခဲ့ပါတယ်။

ပွဲကစားချိန်မိနစ်(၃၀)မှာ ပင်နယ်တီစည်းထဲဆွဲပြေးပြီး နေမာကန်သွင်းခဲ့ပေမယ့် ကန်ချက်ပျော့ခဲ့ပြီး ဂိုးသမား ကေလာနားဗက်စ် အသာအယာကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန်(၃၂)မိနစ်မှာ ထောင့်ကန်ဘောမှတစ်ဆင့် ဆာဂျီယိုရာမို့စ်ရဲ့ခေါင်းတိုက်သွင်းယူမှုကို ဂိုးသမားအေရီယိုလာ ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။

ပွဲကစားချိန်(၃၃)မိနစ်မှာတော့ ပီအက်စ်ဂျီအသင်းက အဖွင့်ဂိုးရရှိခဲ့ပါတယ်။ ညာတောင်ပံမှ ကီလီယံရဲ့ ဖန်တီး ပေးပို့မှုကို နာချို ဖျက်ထုတ်နိုင်ခဲ့ပေမယ့် ပြန်လျှံကျလာတဲ့ဘောလုံးကို ရာဘီယို့တ် က ကန်သွင်းပြီး အဖွင့်ဂိုး ရယူခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန်(၃၇)မိနစ်မှာ ပီအက်စ်ဂျီအသင်းရဲ့အမှားမှ ရရှိလာတဲ့ဘောလုံးကို စီရော်နယ်ဒိုကန်သွင်းခဲ့ပေမယ့် ဂိုးဘားပေါ်ကျော်သွားခဲ့ရပါတယ်။ အဲဒီနောက် ကာဗာနီ အနီးကပ်ကန်သွင်းခွင့်တစ်ကြိမ်ရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။

ပွဲကစားချိန်(၄၄)မိနစ်မှာရရှိခဲ့တဲ့ ဘင်ဇီမာရဲ့ ကန်သွင်းခွင့်အခွင့်အရေးတစ်ကြိမ်ကိုလည်း အေရီယိုလာ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက ပင်နယ်တီကန်သွင်း ခွင့်ရရှိခဲ့ပါတယ်။ ပင်နယ်တီစည်းထဲ တိုနီခရူးစ်ဆွဲပြေးရာမှာ လိုဆယ်လို က နောက်ကနေ ပုခုံးကို ဆွဲချခဲ့သလို ဖြစ်တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီသတ်မှတ်ပေးခဲ့ပြီး စီရော်နယ်ဒိုက အမှားအယွင်းမရှိကန်သွင်းကာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးရယူခဲ့ပါတယ်။ ပထမပိုင်းကတော့ တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန်(၄၉)မိနစ်မှာပဲ နေမာရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် ကီလီယန် ကန်သွင်းခဲ့ရာမှာ ရီးယဲလ် မက်ဒရစ်ဂိုးသမား နာဗက်စ် ကာကွယ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ပီအက်စ်ဂျီအသင်းက အနိုင်ဂိုးရရှိဖို့ ထပ်မံကြိုးစားခဲ့သလို ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဇီဒန်းက လည်း ဂါရတ်ဘေးလ် ၊ လူးကပ်စ်ဗန်ကွတ်ဇ် ၊ အေဆန်စီယို တို့ကို ထည့်သွင်းပြီး ကစားစေခဲ့ပါတယ်။

အေဆန်စီယိုကိုထည့်သွင်းကစားခဲ့တာမှန်တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ ပွဲကစားချိန်(၈၃)မိနစ်မှာ အေဆန်စီယို ရဲ့ ဖန်တီးပေးပို့မှုကို ဂိုးသမားအေရီယိုလာ ပုတ်ထုတ်ကာကွယ်ခဲ့ပြီး ပြန်ထွက်လာတဲ့ဘောလုံးကို စီရော်နယ်ဒို က ဒူးနဲ့ပိတ်သွင်းယူကာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဒုတိယဂိုးရယူပေးခဲ့ပါတယ်။
နောက်ထပ် (၃)မိနစ်အကြာမှာ အေဆန်စီယိုရဲ့ဖန်တီးမှုကနေပဲ မာဆယ်လိုက ရီးယဲလ်မက်ဒရစ်အသင်းအ တွက် တတိယဂိုးသွင်းယူပေးခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းက နောက်ထပ် အခွင့်အရေးတွေရရှိခဲ့ပေမယ့်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။

လက်ကျန်ပွဲကစားချိန်တွေမှာ ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိတာကြောင့် ပွဲပြီးဆုံးချိန်မှာ ရီးယဲလ်မက်ဒရစ်အသင်း က ပီအက်စ်ဂျီအသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Comments