(၂၀၁၇-၁၈) ရာသီ ပရီးမီးယားလိဂ် ထိပ်တန်း တိုက်စစ်မှူး (၅) ဦး

Yan Yan Yan Yan

ပရီးမီးယားလိဂ် ရာသီတစ်ရာသီကတော့ ပုံမှန်ဖြတ်သန်းနေကျအတိုင်း အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ ကောင်းခြင်းဆိုးခြင်းများစွာနဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။

မထင်မှတ်ပဲ ခြေစွမ်းပြသနိုင်ခဲ့သူတွေ ၊ ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ်အသင်းတွေဖြစ်တဲ့ ဆွမ်ဆီး ၊ စတုတ်စီးတီး နဲ့ ၀က်စ်ဘရွန်းအသင်းတွေ တန်းဆင်းခဲ့ရတဲ့ ဖြစ်ရပ် ၊ မန်စီးတီးအသင်း စံချိန်တင်ရမှတ်တွေ သွင်းဂိုးတွေနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ စံချိန် ၊ အာဆင်နယ်ကို ကျောခိုင်းတော့မယ့် အာစင်ဝင်းဂါး ၊ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် သွင်းဂိုး (၁၀၀၀) မြောက်ကို နောက်ဆုံးနေ့ပွဲစဉ်မှာသွင်းယူခဲ့တဲ့ အမေ့ခံတိုက်စစ်မှူး ပီတာခရော့ခ်ျ စတဲ့မှတ်တမ်းတွေနဲ့အတူ တကယ်ကို နောက်ဆုံးပွဲစဉ်တွေအထိ စိတ်လှုပ်ရှားမှုအပြည့်အ၀ ပေးစွမ်းခဲ့ပါတယ်။

သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာလည်း ထိပ်ဆုံး(၄) ဦးက သွင်းဂိုး (၂၀) နဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးအရေအတွက်က (၄) ဦးထိရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီကထက် (၁) ဦးသာလျော့နည်းခဲ့ပါတယ်။

ဒီတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကုန်ဆုံးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီရဲ့ ထိပ်တန်း ဂိုးသွင်းရှင် တိုက်စစ်ကစားသမား (၅) ဦးကိုဖော်ပြပေးချင်ပါတယ်။

စတာလင် – မန်စီးတီး (၁၈) ဂိုး

မန်စီးတီးအသင်း ကစားသမားတွေ ဒီရာသီမှာ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ကြပြီး ထိပ်တန်းဂိုးသွင်းရှင် စာရင်းတွေ ၊ ထိပ်တန်း ဂိုးဖန်တီးသူတွေနဲ့ အကောင်းဆုံး ကစားသမားစာရင်းတွေပေါက်ခဲ့ကြပါတယ်။စတာလင် မန်စီးတီးအသင်းကို စတင်ရောက်ရှိခဲ့တဲ့ (၂) ရာသီအတွင်းမှာ ပရီးမီးယားလိဂ် သွင်းဂိုးက (၁၃) ဂိုးသာရှိခဲ့ပေမယ့် ယခုနှစ်ရာသီမှာတော့ သွင်းဂိုး (၁၈) ဂိုးထိရှိလာခဲ့ပြီး ဂိုးဖန်တီးမှုလည်း (၁၁) ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။အသင်းဖော်တွေဖြစ်တဲ့ ဆေးလ်ဗား ၊ ဒီဘရိုင်း ၊ အဂူရို ၊ ဂျီဆပ် အစရှိတဲ့ သူတွေနဲ့ အကောင်းဆုံး ချိတ်ဆက်ကစားနိုင်ခဲ့ပြီး ဂိုးဧရိယာထဲမှာလည်း အကောင်းဆုံးနေရာယူမှုတွေနဲ့ သွင်းဂိုးတွေကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။လီဗာပူးလ်အသင်းမှာ ညာတောင်ပံ ကစားသမားအဖြစ် ကစားသမားဘ၀ကို စတင်ခဲ့တဲ့ စတာလင်ကတော့ မန်စီးတီးအသင်းမှာ တိုက်စစ်မှူး တစ်ဦးအဖြစ်ပါ ပြောင်းလဲကစားပြီး အသင်းအတွက်လိုအပ်တဲ့ သွင်းဂိုးတွေကို အဲဗာတန်(၈၂) မိနစ် ၊ ဟတ်ဒါဖီးလ် (၈၄) မိနစ် နဲ့ ဘုန်းမောက် (၉၆) မိနစ်တွေမှာ သွင်းယူနိုင်ခဲ့ပြီး စတာလင်ဆိုတဲ့ နာမည်ကို ပိုမိုကျော်ကြားစေခဲ့သူဖြစ်ပါတယ်။

ဂျေမီဗာဒီ – လက်စတာစီးတီး (၂၀) ဂိုး

ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပိုင်း ကျဆင်းခဲ့တဲ့ ဗာဒီရဲ့ ပုံရိပ်အမှန်ကို ဒီရာသီမှာ ပြန်လည်မြင်တွေ့ခဲ့ရပြီး အသင်းအတွက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့စဉ်က ခြေစွမ်းမျိုးကို ဗာဒီပြန်လည်ပြသနိုင်ခဲ့ပါတယ်။ဒီရာသီမှာ သွင်းဂိုး (၂၀) သွင်းယူထားခဲ့ပြီး အသင်းကိုလည်း အမှတ်ပေးဇယား အဆင့် (၁၀) အတွင်းရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဗာဒီဟာ အသင်းအတွက် အရေးကြီးတဲ့ပွဲစဉ်တွေမှာ တစ်ကိုယ်တော် စွမ်းဆောင်ရည်တွေနဲ့ သွင်းဂိုးတွေရယူပေးနိုင်ခဲ့ပါတယ်။ယခုနှစ် ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး (၆) သင်းလုံးကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားက ဗာဒီဖြစ်ပြီး စုစုပေါင် (၁၁) ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ် ၊ စပါးနဲ့ လီဗာပူးလ်အသင်းတွေကို (၂) ကျော့လုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်းအတွက်လည်း ရုရှားမြေမှာ အရေးပါတဲ့သူတစ်ဦးဖြစ်လာမယ်ဆိုတာကို သက်သေပြထားခဲ့ပါတယ်။

ဆာဂျီယို အဂူရို – မန်စီးတီး (၂၁) ဂိုး

ဒီရာသီမှာ ပွဲစဉ် (၂၅) ပွဲသာပါဝင်ကစားခဲ့ရပေမယ့် အဂူရိုကတော့ ထိပ်တန်းဂိုးသွင်းရှင် (၃) ဦးစာရင်းဝင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး တိုက်စစ်မှူး တစ်ဦးရဲ့ စွမ်းဆောင်ရည်ကောင်းကို ပြသခဲ့ပါတယ်။ရာသီအစမှာ အရံခုံထိုင်ခဲ့ရပေမယ့် အဂူရိုရဲ့ ဂိုးသွင်းစွမ်းဆောင်ရည်တွေကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိပဲ အသင်းရဲ့ အရေးပါတဲ့ တိုက်စစ်မှူးတစ်ဦးအဖြစ် ရှိနေဆဲဆိုတာကို အဂူရိုပြသခဲ့ပါတယ်။ယခုနှစ်ရာသီမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကို ထပ်ပေါင်းခဲ့မယ်ဆိုရင် အဂူရိုအသင်းအတွက် သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်က (၁၉၉) ဂိုးအထိ ရှိလာခဲ့ပြီး မန်စီးတီးအသင်းရဲ့ ထာဝရသွင်းဂိုးအများဆုံး ကစားသမားအဖြစ် အဂူရို ရပ်တည်နေခဲ့ပါတယ်။ဒီရာသီမှာ ကစားခဲ့တဲ့ ၀တ်ဖို့ဒ် ၊ လက်စတာ စီးတီး နဲ့ နယူးကာဆယ် ယူနိုက်တက်အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့ပြီး ယခုနှစ်ရာသီ ဟတ်ထရစ်သွင်းဂိုးအများဆုံး ရယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဟယ်ရီကိန်း – စပါး (၃၀) ဂိုး

ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ဖို့ ရည်ရွယ်ခဲ့တဲ့ ဟယ်ရီကိန်းအတွက် ဒဏ်ရာနဲ့ အနားယူခဲ့ရတဲ့ အချိန်တွေက သူရဲ့အိပ်မက်တွေကို ရိုက်ချိုးခဲ့တယ်လို့ဆိုရပါမယ်။ပြီးခဲ့တဲ့ (၂) ရာသီမှာ ဂိုးသွင်းရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းကတော့ ယခုနှစ်ရာသီမှာလည်း ဒီဆုကို ပစ်မှတ်ထားခဲ့ပေမယ့် အနည်းငယ်ကပ်ပြီး လွဲချော်ခဲ့တယ်လို့ပဲဆိုရပါမယ်။ကျန်ခဲ့တဲ့ (၄) ရာသီကို ပြန်ကြည့်ရင် ကိန်းရဲ့ ဂိုးသွင်းနှုန်းကို (၂၁-၂၅-၂၉-၃၀) အဖြစ်တိုးတက်လာခဲ့တာကို မြင်တွေ့ရမှာပါ။ဒီလို (၄) ရာသီဆက် တိုးတက်ခဲ့တဲ့ သွင်းဂိုးတွေကြောင့် ဟယ်ရီကိန်း ဥရောပအကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာ အပါအ၀င်ဖြစ်ခဲ့ပြီး စပါးအသင်းလည်း ထိပ်တန်း(၆) သင်းထဲကို ၀င်ရောက်နိုင်ခဲ့ပါတယ်။ကလပ်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိခဲ့တဲ့ ကိန်းကို နိုင်ငံအသင်းအတွက်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လောက်ထိ စွမ်းဆောင်နိုင်မယ်ဆိုတာကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။

မိုဟာမက် ဆာလက် – လီဗာပူးလ် (၃၂) ဂိုး

ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြသနိုင်ခြင်းလုံးဝမရှိခဲ့တဲ့ ဆာလက် ရိုးမားအသင်းကို ပြောင်းရွှေ့ကစားခဲ့ချိန်မှာတော့ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်းက ပေါင် (၃၆.၉) သန်းပေးချေပြီး အသင်းထံကိုခေါ်ယူခဲ့ပါတယ်။ အသင်းကိုစတင်ရောက်ရှိခဲ့တဲ့အချိန်မှာ ပရိသတ်တွေရဲ့ မျှော်လင့်ချက် ကြီးကြီးမားမားထားခြင်း မခံခဲ့ရတဲ့ ဆာလက်ဟာ ဝေဖန်မှုတွေကြားကနေ ရုန်းထွက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာတောင်ပံ တိုက်စစ်ကစားသမားအဖြစ် ဒီရာသီမှာ ခြေစွမ်းပြသခဲ့ပြီး ရာသီအစပွဲစဉ် (၅) ပွဲမှာတင် သွင်းဂိုး (၃) ဂိုးသွင်းယူခဲ့ပါတယ်။ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် နောက်ခံလူတွေကို အကြိမ်ကြိမ်ကျော်ဖြတ် ဂိုးသွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားမား ၊ PFA တစ်နှစ်တာအကောင်းဆုံးကစားသမား ၊ ပရီးမီးယားလိဂ် ဂိုးသွင်းရွှေဖိနပ်ဆု အစရှိတဲ့ ဆုတံဆိပ်တွေကို ရယူနိုင်ခဲ့သလို တစ်ရာသီအတွင်းမှာ သွင်းဂိုး အများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။

ဒီထိပ်တန်း ဂိုးသွင်းရှင် (၅) ဦးလုံး ကိုယ်စားပြုကစားနေခဲ့တဲ့ နိုင်ငံအသင်းတွေအားလုံးကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရရှိထားခဲ့တာကြောင့် နိုင်ငံအသင်းအတွက်ကော ဘယ်သူကအခုလို ဂိုးသွင်းစွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်မလည်းဆိုတာ တကယ်ကိုစိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။

Comments