(၂၀၁၇-၁၈) ပရီးမီးယားလိဂ် ခရီးကြမ်းကို ရင်ဆိုင်ခဲ့ရသူများ

Yan Yan Yan Yan

ယခုနှစ်ပရီးမီးယားလိဂ်ရာသီအစမှာ ယခင်နှစ်တွေကအတိုင်းပဲ နာမည်ကျော် ကစားသမားတွေများစွာ လိဂ်ပြိုင်ပွဲထံကို ရောက်ရှိလာခဲ့ပါတယ်။မန်စီးတီး ချန်ပီယံဖြစ်ခဲ့ပြီး ၀က်စ်ဘရွန်းတန်းဆင်းခဲ့ရတဲ့ ကြားကလှိုင်းတံပိုးတွေကြားမှာ တစ်ရာသီလုံး ရုန်းကန်ရင်းနဲ့ နစ်မြုပ်ခဲ့ရတဲ့သူတွေ ရှိနေပါတယ်။အသင်းကိုရောက်ရှိခဲ့တဲ့ ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြသနိုင်ခဲ့တာ ဆာလက်တစ်ဦးသာ ရှိပြီးရုန်းကန်ခဲ့ရတဲ့ နာမည်ကျော် ကစားသမားတွေလည်း ရှိနေပါတယ်။

ဘာကာယိုကို (ချဲလ်ဆီး)

ချဲလ်ဆီးအသင်းဟာ မိုနာကိုအသင်းမှာ ခြေစွမ်းပြသနေခဲ့တဲ့ ကွင်းလယ်ကစားသမား ဘာကာယိုကိုကို အသင်းထံ ပေါင်သန်း (၄၀) နဲ့ ပြီးခဲ့တဲ့ နွေရာသီတုံးက ခေါ်ယူခဲ့ပါတယ်။ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ မာတစ်ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ချဲလ်ဆီးအသင်း စီစဉ်ခဲ့တာဖြစ်ပြီး ဘာကာယိုကို အပေါ်မှာလည်း မျှော်လင့်ချက် ကြီးကြီးထားခဲ့ပါတယ်။ဒါပေမယ့် ကစားသမားကတော့ တစ်ရာသီလုံး ဆိုးရွားတဲ့ခြေစွမ်းကိုသာ ပိုင်ဆိုင်နိုင်ခဲ့ပြီးချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ခံစစ်ပိုင်းကလည်း ကန်တေတစ်ဦးတည်းအပေါ်မှာ မှီခိုခဲ့ရပါတယ်။အသင်းအတွက် ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) ပွဲပွဲထွက်ကစားခဲ့တဲ့ ဘာကာယိုကိုကတော့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ခြင်းမရှိခဲ့ပဲ​ တစ်ရာသီလုံး အတွက် rating သက်မှတ်ရရင် (၆.၉၃) လောက်သာ ရရှိခဲ့ပြီး ပွဲစဉ် (၂၅) ပွဲအထက် ကစားခဲ့တဲ့ ကစားသမားတွေထဲမှာတော့ ဒုတိယအဆိုးရွားဆုံး မှတ်တမ်းဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ၀တ်ဖို့ဒ်အသင်းနဲ့ ပွဲစဉ် မိနစ် (၃၀) မှာတင် အနီကဒ်ပြားပြ ပြသခံခဲ့ရတဲ့ ဘာကာယိုကိုကတော့ လူမှုကွန်ယက်တွေမှာ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီးဝေဖန်ခံရမှု မြင့်တက်လာခဲ့ပါတယ်။ဒါ့ကြောင့် ပြင်သစ်အသင်းရဲ့ ဂန္ထ၀င်ကစားသမားဟောင်း ရောဘတ်ပီရက်ဇ်က ဘာကာယိုကိုအနေနဲ့ မိုနာကိုအသင်းမှာ ဒီထက်ပိုပြီးရှိနေခဲ့သင့်ကြောင်း အကြံပေးပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အချိန်က အရမ်းစောလွန်းတယ်လို့ ပြောကြားခြင်းခံခဲ့ရပါတယ်။

ရီနာတို ဆန်းချက် (ဆွမ်ဆီး)

ပေါ်တူဂီကလပ်အသင်းဖြစ်တဲ့ ဘင်ဖီကာအသင်းနဲ့အတူ တောက်ပခဲ့တဲ့ ရီနာတိုဆန်းချက်ကတော့ ယူရိုပြိုင်ပွဲပြီးဆုံးချိန်မှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။ဒါပေမယ့် အသင်းအတွက် ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တာကြောင့် ဆွမ်ဆီးအသင်းကို အငှားချခဲ့ပြီး ဆွမ်ဆီးအသင်းမှာလည်း အလကား အချိန်တွေကုန်ဆုံးခဲ့တယ်လို့ပဲ ဆိုရမှာပါ။ပြီးခဲ့တဲ့ ယူရို (၂၀၁၆) ပြိုင်ပွဲမှာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရယူပိုင်ဆိုင်နိုင်ခဲ့တဲ့ ရီနာတိုဆန်းချက်ရဲ့ အနာဂတ်တောက်ပပြီလို့ ထင်ကြေးပေးခဲ့ကြပေမယ့် ဘိုင်ယန်အသင်းမှာ ရုန်းကန်ခဲ့ရချိန်မှာ အားလုံးရဲ့အမေ့ခံတစ်ဦးဖြစ်ခဲ့ရပြီး ဆွမ်ဆီးအသင်းကို ရောက်ရှိချိန်မှာတော့ ဘိုင်ယန်အသင်းထက် လျော့နည်းတဲ့ ဖိအားကို ရင်ဆိုင်ရမှာဖြစ်လို့ ရီနာတိုဆန်းချက် ပြန်လာနိုင်လိမ့်မယ်လို့ အားလုံးကမှတ်ချက်ပြုခဲ့ကြပါတယ်။

ဆွမ်ဆီးအသင်း ၀တ်စုံကို ရီနာတိုဆန်းချက် ၀တ်ဆင်ကစားခဲ့စဉ်မှာတော့ ယူရိုပြိုင်ပွဲမှာ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ခြင်းမရှိတော့ပဲ ပွဲစဉ် (၉) ပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာဆိုရင် ပုံမှန်ပေးပို့မှုတွေလောက်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ဒါ့အပြင် ရီနာတိုဆန်းချက် တံကောကြောဒဏ်ရာ ရရှိခဲ့ပြီး တစ်ပတ်အကြာမှာပဲ ဆွမ်ဆီးအသင်းက နည်းပြ ကလီမန့်ကို ထုတ်ပယ်ပြီး ကာဗယ်ဟောနဲ့အစားထိုးခဲ့ပါတယ်။ဒီဒဏ်ရာကို ပေါ်တူဂီနိုင်ငံမှာ ပြန်လည်သွားရောက် ကုသခဲ့ရပြီး ဒဏ်ရာကသက်သာလာချိန်မှာတော့ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပြီး ရာသီပြီးဆုံးချိန်ထိ အသင်းရဲ့ပွဲစဉ်တွေမှာ ပွဲထွက်ခွင့် ပျောက်ဆုံးတော့မှာပါ။ဒါ့ကြောင့် (၂၀၁၈-၁၉) ရာသီသစ်မှာ ထိပ်တန်းအသင်းကြီးဖြစ်တဲ့ ဘိုင်ယန်အသင်းကို ပြန်လည်ပြောင်းရွှေ့တာထက် ဥရောပရဲ့ အလယ်အလတ် အသင်းတွေမှာ သူ့ရဲ့ယုံကြည်ချက်တွေနဲ့ ခြေစွမ်းတွေကို ပြန်လည်တည်ဆောက်ဖို့ ရီနာတိုဆန်းချက် စဉ်းစားသင့်ပါတယ်။

ဂျီစီ ရိုဒရီဂွတ် (စတုတ်စီးတီး)

စတုတ်စီးတီးအသင်းရဲ့ ဂိုးသမားဖြစ်သူ ဘတ်လန်းက တန်းဆင်းခဲ့ရတဲ့ အသင်းရဲ့ရလဒ်ပိုင်းမှာ အဓိက ကျခဲ့တာက ကစားသမားအပြောင်းရွှေ့လို့ ထောက်ပြခဲ့တာက ဂျီစီ ရိုဒီဂွတ်ကို ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့ဟန် ရှိနေပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တဲ့ ဂျီစီဟာ စတုတ်စီးတီးအသင်းကို အငှားနဲ့လာရောက်ကစားခဲ့စဉ်မှာတော့ အားလုံးက သူရဲ့သွင်းဂိုးတွေနဲ့ စတုတ်စီးတီးအသင်းရဲ့ ရှင်သန်မှုကို ကယ်တင်နိုင်လိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။အစမှာတော့ ဂျီစီခြေစွမ်းပြသခဲ့ပြီး အာဆင်နယ်အသင်းဘက်ကို အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အားလုံးကထင်မှတ်ထားတဲ့ အတိုင်းထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို မြင်တွေ့ရတော့မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၁၃) ပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့သလို ဒီထဲမှာ (၈) ပွဲသာ ပထမကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ဒါ့အပြင် အာဆင်နယ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးကလည်း အသင်းအတွက် သွင်းယူပေးနိုင်ခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးလည်းဖြစ်ခဲ့တဲ့အထိ ဂျီစီရဲ့ ဂိုးသွင်းနှုန်းကျဆင်းခဲ့ပါတယ်။

အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိခဲ့ချိန်မှာ ကွင်းတွင်းကွင်းအပြင် နေထိုင်မှုပုံစံတွေက အသင်းဖော်တွေ နည်းပြတွေနဲ့ ဂျီစီအဆင်မပြေဖြစ်ခဲ့ပြီး အသင်းအတွက် ပုံမှန်ပင်နယ်တီ ကန်ခွင့်ရရှိနေခဲ့တဲ့ ချာလီအဒမ် ပင်နယ်တီ ကန်သွင်းရာမှာ လွဲချော်ခဲ့ချိန်မှာ ဝေဖန်ခဲ့တဲ့ ဂျီစီကြောင့် အ၀တ်လဲခန်းအတွင်း ပြဿနာတွေလည်း မြင့်တက်လာခဲ့ပါတယ်။ဒါ့ကြောင့်ဒီရာသီ မက်ခဲ့တဲ့ အိပ်မက်ဆိုးတွေကနေ ဂျီစီ နိုးထပြီး စတုတ်စီးတီးအသင်းအတွက် လာမယ့်ရာသီမှာ ဆက်လက်ရှိနေဦးမလား သူရဲ့ ကျဆုံးခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည်မြှင့်တင်ပေးနိုင်မလား စောင့်ကြည့်ရပါမယ်။

Comments