ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့အတူ စောင့်ကြည့်သွားရမယ့် ကစားသမား (၁၀) ဦး

ပြီးခဲ့တဲ့ ဘရာဇီးလ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သက်ဆိုင်ရာ နိုင်ငံအသင်းတွေအတွက် မထင်မှတ်ပဲ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားတွေ များစွာပေါ်ထွက်ခဲ့ပါတယ်။ဒီတော့ လာမယ့် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲနဲ့အတူ ဘယ်သူတွေတောက်ပလာဦးမလည်းဆိုတာကို ဖော်ပြပေးချင်တာပါ။

အလီရီဇာ ဂျာဟန်ဘာကရှ် (အီရန်)

ဒီကစားသမားရဲ့ နာမည်ကိုရုတ်တရက်ခေါ်ဖို့ဆိုတာ တကယ်ကို မလွယ်ကူပါဘူး။ဒါပေမယ့် ဘောလုံးပွဲကြေငြာသူတွေအတွက်တော့ ဒီနာမည်က ရင်းနှီးနေပြီးသားပါ။ကြယ့်ပွင့်ကစားသမား တစ်ဦးဖြစ်လာခဲ့သလို အီရန်ရဲ့ရိုနယ်ဒိုလို့ တင်စားခြင်းခံရသလို နယ်သာလန် ကလပ် အေဇက် အယ်လ်ခမာအသင်းမှာ ကစားနေခဲ့တဲ့ ဒီကစားသမားကတော့ ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုး (၂၁) ဂိုးသွင်းယူခဲ့ပြီး ဥရောပ အနောက်ပိုင်းလိဂ်ပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံး အာရှကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူပါ။ဂိုးဖန်တီးမှုပိုင်းမှာလည်း (၁၂) ကြိမ်ထိရှိခဲ့တာကြောင့် ကစားခဲ့တဲ့ (၃၃) ပွဲမှာ (၃၃) ဂိုးအထိ ပါဝင်ပတ်သက်ပေးနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။

ဒီမှတ်တမ်းဟာ တောင်ပံကစားသမားတစ်ဦးအတွက်တော့ မဆိုးဘူးလို့ပြောနိုင်ပြီး ဆာလက်လို ကစားပုံမျိုးနဲ့ ဆင်တူတယ်လို့ ဆိုရပါမယ်။ဒါပေမယ့် အလီရီဇာကို ရီးရဲလ်တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ ခိုင်းနှိုင်းခြင်းခံရပြီး မြန်နှုန်းမြင့်ကစားပုံ ဘောလုံးသယ်ဆောင်နိုင်စွမ်း နဲ့ ယုံကြည်မှုရှိရှိသွင်းဂိုးသွင်းယူနိုင်စွမ်းတွေက ရိုနယ်ဒိုနဲ့ ခိုင်းနှိုင်းခြင်းခံခဲ့ရတာဖြစ်သလို အကောင်းဆုံး ပေးပို့မှုပြုလုပ်နိုင်တာကလည်း အသိအမှတ်ပြုရမယ့် တစ်ခုဖြစ်ပါတယ်။အသက် (၂၄) နှစ်သူ ရှိသေးပေမယ့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားရင်း အတွေ့အကြုံပိုင်း ရရှိပြီးဖြစ်လို့ လာမယ့်ရုရှားမြေမှာ တောက်ပလာမယ့်သူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

ရိုမန် ဇော့ဘ်နင်း (ရုရှား)

အိမ်ရှင်ပရိသတ်တွေအနေနဲ့ကတော့ ရုရှားအသင်း ကမ္ဘာ့ဖလား ပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်ရာမှာ ဖရိုဖရဲဖြစ်နေခဲ့တယ်လို့ ဆိုပေမယ့် အရံခုံမှာ ရှိနေခဲ့တဲ့ လူငယ်ကစားသမားတွေများစွာထဲမှာတော့ ဇော့ဘ်နင်းလို လူငယ်ကွင်းလယ်ကစားသမားတစ်ဦးအနေနဲ့ ခြေစွမ်းပိုင်းကို ပြသနိုင်ဖို့ အခွင့်အရေးကောင်းလို့ ဆိုရပါမယ်။ပြည်တွင်းမှာသာ နာမည်ရနေခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး စပါးတပ်မော်စကို အသင်းကို ဒိုင်နမို ကိဗ် အသင်းကနေ (၂၀၁၆) ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီးနောက် ဇော့ဘ်နင်းရဲ့ ခြေစွမ်းပိုင်းက ပိုမိုလူသိများလာခဲ့ပါတယ်။

စည်းကမ်းပိုင်း ကောင်းမွန်ပြီး သင်ယူနိုင်စွမ်း မြင့်မားတဲ့ ဇော့ဘ်နင်းကတော့ အသင်းနဲ့အတူ (၂၀၁၇) ခုနှစ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး စပါးတပ် မော်စကို အသင်းအတွက်ကတော့ (၁၆) နှစ်အတွင်းပထမဆုံး ရရှိခဲ့တဲ့ရလဒ်ဖြစ်ခဲ့ပါတယ်။ဒူးဒဏ်ရာကြောင့် တိုက်ကြီးများဖလား ၀င်ရောက်ကစားခွင့်ကို လွဲချော်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်းပွဲအနည်းငယ်သာ ကစားခဲ့ရတာဖြစ်ပေမယ့် လက်ရှိမှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာခဲ့ပြီဖြစ်ပြီး ရုရှားနည်းပြဖြစ်သူ ချာချီဆော့ဗ် အတွက် တကယ်လိုအပ်နေတဲ့ ကစားသမားတစ်ဦးဖြစ်လာမှာပါ။

လူးကပ်စ် တော်ရီယာ (ဥရုဂွေး)

ဥရုဂွေးနည်းပြ တာဘာရက်ဇ် အနေနဲ့ တော်ရီယာကို လာမယ့်ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယုံယုံကြည်ကြည်နဲ့အသုံးပြုဖို့ ဆုံးဖြတ်ထားနိုင်ခဲ့ပြီလားလို့ မေးခွန်းထုတ်ရပါမယ်။ဆမ်ဒိုးရီးယားအသင်းမှာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြသနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသားပေးကစားတက်သလို ကွင်းလယ်ကစားသမားကောင်းတွေ များစွာပေါ်ထွက်ခဲ့တဲ့ စီးရီးအေပြိုင်ပွဲရဲ့ ထုတ်ကုန်ကောင်းတစ်ခုဖြစ်ပြီး ဘောလုံးစွမ်းဆောင်ရည်ပိုင်း ၊ အသင်းအတွက် ဘောလုံးဆုံးရှုံးချိန်မှာ ပြန်လည်ရယူနိုင်စွမ်း ၊ အဝေးကန်ချက်တွေမှာ ထူးချွန်သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာအသင်းအတွက် သွင်းဂိုး (၄) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဂျူဗင်တပ်အသင်းကို (၃) ဂိုး (၂) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သူပါ။

ဥရုဂွေးအသင်းအတွက် လူစားဝင်ကစားသမားအဖြစ် (၂) ကြိမ်သာပါဝင်ကစားခွင့် ရရှိထားခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အသင်းမှာတော့ပါဝင်နိုင်ခဲ့ခြင်းမရှိပေမယ့် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာသာ ပွဲထွက်ခွင့်ရရှိခဲ့မယ်ဆိုရင် တောက်ပလာမယ့် လူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အီတလီကွင်းလယ်ကစားသမား ဗာရက်တီနဲ့ ခိုင်းနှိုင်းခြင်းခံထားခဲ့ရသလို ကွင်းလယ်ဗိုလ်ချုပ်တွေများပြားတဲ့ အီတလီမြေမှာ တောက်ပဖို့ အခွင့်အရေးကို ပိုင်ဆိုင်နိုင်မယ့်သူပါ။

ဇီလင်စကီ (ပိုလန်)

နာပိုလီအသင်း နည်းပြဖြစ်ခဲ့တဲ့ ဆာရီဟာ အသင်းလူစာရင်းကို အပြောင်းအလဲပြုလုပ်ပြီး ကစားရတာကို ကြိုက်နှစ်သက်တဲ့သူတစ်ဦးမဟုတ်ပါဘူး။ဒါပေမယ့် ဇီလင်စကီကတော့ အသင်းခေါင်းဆောင် ဟမ်ဆစ်ရဲ့ နေရာကို အစားထိုးနိုင်ဖို့အတွက် နည်းပြဖြစ်သူကို အကြိမ်ပေါင်းများစွာ စဉ်းစားစေနိုင်ခဲ့သူပါ။ဘောလုံးပေးပို့မှု စွမ်းဆောင်ရည်ပိုင်းနဲ့ သက်လုံပိုင်းက အသိအမှတ်ပြုရမယ့်သူတစ်ဦးဖြစ်ပြီး အမ်ပိုလီအသင်းကနေ (၂၀၁၅-၁၆) ရာသီမှာ ပြန်လညရောက်ရှိခဲ့တဲ့ ဇီလင်စကီကို အားလုံးထက် နည်းပြဆာရီက ပိုပြီးသတိထားမှာသေချာပါတယ်။

ပြီးခဲ့တဲ့ ယူရို (၂၀၁၆) ပြိုင်ပွဲမှာအသင်းအတွက် အရံကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ပိုလန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ရောက်ခဲ့ရာမှာတော့ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူပါ။အသင်းရဲ့ ကွင်းလယ်ဦးဆောင်သူတစ်ဦးအဖြစ်ကို ဇီလင်စကီ ရှိနေခဲ့ပြီလို့ဆိုရမှာဖြစ်ပြီး ၀က်စ်ဘရွန်းအသင်းမှာ ခြေစွမ်းပိုင်းကျဆင်းခဲ့တဲ့ Grzegorz Krychowiak ထက်ကိုအသင်းရဲ့ ကွင်းလယ်မှာ နေရာတစ်ရာကို ရယူနိုင်မယ့်သူဖြစ်ပြီး ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုလန်အသင်းနဲ့အတူ တောက်ပလာမယ့်သူဖြစ်ပါတယ်။

မီလင်ကိုဗစ် ဆာဗစ် (ဆားဘီးယား)

ဆားဘီးယားအသင်းနည်းပြဖြစ်သူ ဆလာဗိုလင်ဂျပ် မူစလင်ကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲကာလမှာ ဆာဗစ်ကိုအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့တာက အငြင်းပွားဖွယ် ဖြစ်ရပ်တစ်ခုကို ပြုလုပ်ခဲ့တယ်လို့ ဆိုရပါမယ်။ဒါပေမယ့် နည်းပြဟောင်း မူစလင် အသင်းကနေ ထွက်ခွာသွားခဲ့ပြီးနောက်မှာတော့ ဆားဘီးယားအသင်း ကရာစတာဂျစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ဒါပေမယ့် သူရဲ့နည်းပြ ဘ၀ဖြတ်သန်းမှုက အတွေ့အကြုံပိုင်းနည်းပါးနေခဲ့တာကြောင့် ထင်မှတ်ထား သလောက်တော့ ရလဒ်ကောင်း ရယူနိုင်ဖို့မလွယ်ကူပါဘူး။

ပြီးခဲ့တဲ့နှစ် လာဇီယိုအသင်းနဲ့အတူ ခြေစွမ်းပြသခဲ့တဲ့ ဆာဗစ်ကတော့ အသင်းအတွက် သွင်းဂိုး (၁၁) ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီး ခန္တာကိုယ်ကြံ့ခိုင်မှုပိုင်းနဲ့ အမြင့်ဘောတွေမှာ အားသာသူတစ်ဦးပါ။တိကျတဲ့ အဝေးဘောပေးပို့မှုတွေနဲ့အတူ ဆာဗစ် အသင်းရဲ့ ကစားပုံ အနိမ့်အမြင့်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်သူတစ်ဦး ဖြစ်ပါတယ်။ရီးရဲလ် နဲ့ ဘာစီလိုနာလိုအသင်းတွေကနေ စိတ်ဝင်စားနေတဲ့ ဆာဗစ်ကတော့ လာမယ့် ရုရှားကမ္ဘာ့ဖလားမှာ ပွဲထွက်ခွင့်ရရှိခဲ့မယ်ဆိုရင်တော့ ပိုမြင့်တဲ့ အဆင့်တစ်ခုမှာ ရပ်တည်နိုင်ဖို့ရှိနေပါတယ်။

မူဆာ ကိုနာတေး (ဆီနီဂေါ)

အေမီယန်အသင်းကတော့ ပြီးခဲ့တဲ့ ရာသီကပြင်သစ် လိဂ် (၁) ပြိုင်ပွဲမှာ ပုံပြင်တစ်ပုဒ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။အသင်းရဲ့သမိုင်းတစ်လျောက် ပထမဆုံးအကြိမ် တန်းတက်ခွင်ရရှိခဲ့တာဖြစ်ပြီး ကိုနာတေးကလည်း အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။ဆီယွန်အသင်းကနေ (၂၀၁၇) ခုနှစ်မှာပြောင်းရွှေ့လာခဲ့တဲ့ ကိုနာတေးဟာ ပြီးခဲ့တဲ့ရာသီမှာအသင်းအတွက် သွင်းဂိုး (၁၃) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အသင်းသွင်းဂိုးစုစုပေါင်းရဲ့ (၃) ပုံ (၁) ပုံသွင်းယူနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

နိုင်ငံအသင်းမှာလည်း တိုက်စစ်ပိုင်းမှာ ထူးချွန်စွာကစားနိုင်သူဖြစ်ပြီး အသင်းဖော် မာနေးနဲ့ အကောင်းဆုံးတွဲဖက်ကစားပြီး မာနေးဆီကနေ သင်ယူစရာရှိတာတွေကို အကောင်းဆုံး သင်ယူနိုင်မယ့်သူပါ။ကစားသမားဘ၀ကို အစ္စရေးကလပ်အသင်းတွေမှာစတင်ခဲ့ပြီး ကရာဆနိုဒေါအသင်းမှာ ကစားခဲ့တဲ့အတွက်ကြောင့် ကိုနာတေးကို ရုရှားမြေနဲ့ရင်းနှီးစေတဲ့အဓိက အချက်ဖြစ်ပါတယ်။

ဟာကမ် ဇီယက် (မော်ရိုကို)

အေဂျက်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်ပြီးဆုံးချိန်တည်းကလည်း အသင်းအတွက် လက်ရှိအချိန်ထိ ကစားနေဆဲကစားသမားတစ်ဦးပါ။အရည်အသွေးပိုင်း ပြည့်ဝပြီး ဂိုးဖန်တီးပေးရာမှာ ထူးချွန်သူတစ်ဦးဖြစ်တဲ့ ဇီယက်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် သွင်းဂိုး(၉) ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၁၅) ကြိမ်ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး ပြစ်ဒဏ်ဘောကန်သွင်းရာမှာလည်း တိကျကောင်းမွန်သူတစ်ဦးပါ။

ဟော်လန်ဖွား ကစားသမားတစ်ဦးဖြစ်ပြီး နယ်သာလန်နိုင်ငံအတွက် အသက် (၂၁) နှစ်အောက် အသင်းအထိ ကစားပေးခဲ့ပေမယ့် လက်ရွှေးစင်အသင်းကြီးကို ရွေးချယ်ရာမှာ အာမခံချက်ရှိတဲ့ မော်ရိုကို မြေကိုရွေးချယ်ခဲ့တယ်လို့ဆိုရပါမယ်။နယ်သာလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် လွဲချော်ခဲ့ပေမယ့် ဇီယက်ကတော့ မော်ရိုကိုအသင်းနဲ့အတူ ပေါ်တူဂီ ၊ စပိန်တို့ပါဝင်တဲ့အုပ်စုမှာ တောက်ပလာမယ့်သူတစ်ဦးပါ။

ပိုင်အိုနီ ဆစ်တို (ဒိန်းမတ်)

ဆူဒန် နိုင်ငံဖွားကစားသမားတွေထဲမှာ ပထမဆုံးကမ္ဘာ့ဖလားကစားခွင့်ရရှိမယ့်သူအဖြစ် ဆစ်တိုက ရှိနေခဲ့ပြီး ဒိန်းမတ် နိုင်ငံအသင်းမှာတော့ ကွဲထွက်နေခဲ့တဲ့ ပုံစံကသူ့ကို သတိပြုမိစေမှာပါ။(၂၀၁၆) ယူရိုပါလိဂ် ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဘက်ကို သွင်းဂိုး (၂) ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး မစ်ဂျေးလန်းအသင်းကနေ ဆယ်လ်တာဗီဂိုအသင်းကို ပြောင်းရွှေ့ခွင့်ရရှိခဲ့တာက သူ့အတွက်တော့ အတွေ့အကြုံပိုင်းကို ပိုမိုတိုးတက်စေခဲ့ပါတယ်။

ဘာစီလိုနာအသင်း နဲ့ ဆယ်လ်တာ ဗီဂိုအသင်းတို့ တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာလည်း သွင်းဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး ဒိန်းမတ်အသင်းအတွက် အဲရစ်ဆန် နဲ့ တွဲဖက်ပြီး ခြေစွမ်းပြသနိုင်နေခဲ့သူဖြစ်ပြီး အသင်းရဲ့ ကမ္ဘာ့ဖလားဝင်ခွင့်နောက်ဆုံးအိပ်မက်ကို အသက်သွင်းပေးနိုင်ခဲ့သူတွေပါ။လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိန်းမတ်အသင်းရဲ့ အဓိက ဂိုးဖန်တီးသူဖြစ်လာနိုင်သူပါ။

ဗစ်တာ ကလယ်ဆန် (ဆွီဒင်)

ဆွီဒင်အသင်းကတော့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စောင့်ကြည်ခံအသင်းတစ်သင်းအဖြစ် ရှိနေခဲ့ရတဲ့ အကြောင်းအရင်းကတော့ ဖာ့စ်ဘတ် အပါအ၀င် အသင်းရဲ့ ကြယ့်ပွင့်ကစားသမားတွေ ခြေစွမ်းပိုင်း ကျဆင်းနေမှုပါ။ကလယ်ဆန်ကတော့ ပြီးခဲ့တဲ့ရာသီက ကရာဆွန်ဒေါအသင်းမှာ ကစားခဲ့ပြီး ပြိုင်ပွဲစုံမှာ ခြေစွမ်းပြသနိုင်ခဲ့သလို လိဂ်ဂိုး (၁၀) ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆွီဒင်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ မျှော်လင့်ရမယ့်သူတစ်ဦးပါ။

အီတလီအသင်းနဲ့ ကစားခဲတဲ့ Play off ပွဲစဉ်မှာ ဆွီဒင်အသင်း ပေးဂိုးမရှိစွမ်းဆောင်နို်င်ခဲ့ပြီး ကလယ်ဆန် ရဲ့ ပြည့်ဝတဲ့ စွမ်းဆောင်ရည် ၊ ပြင်းထန်တဲ့ ကန်ချက်တွေ နဲ့ သက်လုံပိုင်းက ပြီးခဲ့တဲ့နွေရာသီမှာ အသင်းအတွက် အဓိကအရေးပါခဲ့သူဖြစ်ပြီး နိုင်ငံအသင်းအတွက် ရုရှားမြေမှာ အရေးပါတဲ့အရာတစ်ခုကိုတော့ ကလယ်ဆန် ဆောင်ယူပေးနိုင်ပါလိမ့်မယ်။

မီဂွယ် တာအူကို (ပီရူး)

ပီရူးနိုင်ငံသားတော်တော်များများကတော့ တောင်အမေရိက ကလပ်အသင်းတွေမှာ ကစားလေ့ရှိတာကြောင့် ဥရောပပရိသတ်တွေနဲ့ ရင်းနှီးမှုကတော့ နည်းပါးပါတယ်။ဘယ်တောင်ပံ ခံစစ်ကစားသမားတစ်ဦးဖြစ်ပေမယ့် တာအူကိုကတော့ တိုက်စစ်ပိုင်းကိုပါ လိုက်ပါကစားနိုင်သူဖြစ်ပြီး လာမယ့် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ပံတစ်လျောက် ခြေစွမ်းပြသနိုင်မယ့်သူတစ်ဦးပါ။

(၂၀၁၇) ခုနှစ်မှာ ဖလာမင်ဂိုအသင်းကို မထွက်ခွာခင် ပီရူးလိဂ်ပြိုင်ပွဲရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပီရူးအသင်းက ဘရာဇီးလ်အသင်းကို (၁) ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ (၂၀၁၆) ကိုပါအမေရိက ဖလားပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့သူဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်မှာတည်းက အသင်းရဲ့ အဓိက ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ရုရှားကမ္ဘာ့ဖလားပွဲစဉ်အပြီးမှာ ဘယ်အသင်းတွေက ကမ်းလှမ်းမှုကို ခံရမလည်းဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Comments